ငွေစက္ကူကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အမိန့်မျှ ထုတ်ပြန်ထားခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

ငွေစက္ကူကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အမိန့်မျှ ထုတ်ပြန်ထားခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 24 July 2018

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ငွေစက္ကူကိစ္စနှင့် ပတ်သက်ပြီး မည်သည့် အမိန့်မျှ ထုတ်ပြန်ထားခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“လက်ရှိ Facebook မှာ ပျံ့နှံ့နေတဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၅/ ၂၀၁၈ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ငွေစက္ကူကိစ္စနဲ့ ပတ်သက်ပြီးတော့ မည်သည့်အမိန့်မှကို ထုတ်ပြန်ထားတာ မရှိပါဘူး။ အမိန့်အတုကို စတင်ဖြန့်ဝေတဲ့သူတွေကို စုံစမ်းစိစစ်နေပြီးတော့ ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ဦးဇော်ဌေးကသူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ကျပ် ၅၀၀ တန်၊ ကျပ် ၁၀၀၀ တန်၊ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများအား သုံးစွဲခွင့်မပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည်ဟု အမိန့်စာရွက်အတု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမိန့်အတုတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဗဟိုဘဏ်မှ ငွေစက္ကူများ ရုတ်သိမ်းရေးဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များအရ ကျပ် ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ နှင့် ၁၀၀၀၀ တန် ငွေစက္ကူများကို သြဂုတ် ၁ ရက်မှစတင်ကာ တရားမဝင်ကြေညာမည်ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ အမိန့်အတုအား ပြန်လည်မျှဝေသူ အများအပြားရှိခဲ့ပြီး ယင်းအမိန့်စာအတုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမည်ကို ဖော်ပြထားသည်ကို တွေ့ရသည်။

 

Most Read

Most Recent