ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားဒေသခံများ၏ စကားသံများ

ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားဒေသခံများ၏ စကားသံများ
Published 26 August 2017

မောင်တောဆေးရုံမှ အထူးကုဆရာဝန်တစ်ဦး၏ ကိုယ်တွေ့ပြောကြားချက်

“ညက မောင်တောဆေးရုံ ပတ်ပတ်လည် ရဲကင်းစခန်းတွေကို အကြမ်းဖက်သမားအဖွဲ့တွေက နေရာအနှံ့ကနေ အုပ်စုလိုက် တိုက်ခိုက်ခဲ့ပါတယ်။ ဆေးရုံနားက မော်တော်ပီကယ်စခန်းကို ဗုံးပစ်ခံရတယ်။ မပေါက်ကွဲပါဘူး။ အခု မောင်တော-ဘူးသီးတောင်လမ်း လုံးဝပိတ်ထားတယ်။ ဝန်ထမ်းတွေ၊ ဒေသခံတွေ ထွက်ပေါက်မရှိဘူး။ ဖုန်းလိုင်းတော့ ကောင်းနေသေးတယ်။ ဆေးရုံနားက အင်တာနက် လုံးဝမရဘူး။ ဆေးရုံက လူနာတွေ ပေးဆင်းလိုက်တယ်။ ဝန်ထမ်းတွေတော့ စုပြီးနေကြရတယ်။ ဆေးရုံမှာ လုံခြုံရေးမရှိဘူး။ အကြိမ်ကြိမ်တောင်းပေမယ့် ဘေးနားမှာ ရဲကင်းရှိတယ်ဆိုပြီး ပယ်ချခံရတယ်။ ရန်သူတွေက မြို့ပေါ်မှာပဲရှိတယ်။ တပ်မတော်သားတွေကိုတော့ အခုအထိ မတွေ့ရသေးဘူး။ အခုအထိ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ စခန်းငယ်တစ်ခု ကျလုနီးဖြစ်နေတယ်။ တိုက်ခိုက်တဲ့ သူတွေက ဓား၊ လှံနဲ့ လက်လုပ်ဗုံးတွေပါတယ်။ လူအုပ်ကများတော့ လူအင်အားကို အဓိကထားပြီး တိုက်ခိုက်တယ်။ လမ်းကြောင်းတွေ ပြတ်တောက်နေလို့ ဒဏ်ရာရရှိတဲ့ ရဲတပ်သားတွေ အခုအထိ ဆေးရုံကို မရောက်လာကြသေးပါဘူး”

ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာမှ မစုစု

“ဘူးသီးတောင်နားက တောင်ဘဇာကျေးရွာကို အကြမ်းဖက်သူတွေက တုတ်တွေ၊ ဓားတွေနဲ့ လာပြီဆိုတာ မွန်းတည့် ၁၂ နာရီ လောက်မှာ သတင်းရပါတယ်။ ဒီသတင်းကြောင့်ပဲ တောင်ဘဇာကျေးရွာမှာနေတဲ့ ဒေသခံတွေက ဘုန်းကြီးကျောင်းမှာ စုဝေးပြီးတော့ နေကြပါတယ်။ လုံခြုံရေးတွေ တောင်းထားပေမယ့် အခုအထိတော့ ရောက်မလာသေးပါဘူး”

ဘူးသီးတောင်မြို့နယ် သဘော့ချောင်းကျေးရွာမှ ဒေါ်ညိုညို

“တစ်ညလုံး ပစ်ခတ်သံတွေ နီးနီးလေးက ကြားတယ်။ ဘင်္ဂါလီတွေကလည်း ဘာတွေအော်မှန်းမသိဘူး။ အော်နေကြတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ မလုံခြုံတော့လို့ ဒီကနေ့ မွန်းတည့် ၁၂ နာရီမှာ စက်လှေတွေနဲ့ ရွာကထွက်လာကြတာပါ။ စက်လှေမဆံ့လို့ ညီမလေးနှစ်ယောက်နဲ့ အမေ၊ အဖေ ကျန်ခဲ့တယ်။ ကျွန်မမြို့ပေါ်ရောက်ပြီဆိုပေမယ့် ရွာမှာကျန်ခဲ့သူတွေကို စိတ်ပူနေတယ်။ ကိုယ့်ရေကိုယ့်မြေမှာ အခုလို ဘင်္ဂါလီတွေကို ကြောက်လန့်ပြီး ပြေးနေရတာကို အရမ်းဝမ်းနည်းတယ်။ ကျွန်မရင်နာလို့ မဆုံးဘူး။ အခု သမီးလေးနဲ့ သားလေး ကျွန်မနဲ့အတူပါလာတယ်။ ရွာမှာ အမျိုးသားကျန်ခဲ့သေးတယ်။ ရွာသားတချို့က တခြားဆွေမျိုးတွေရှိရာဆီ သွားကြပြီ”

မောင်တောမြို့နယ် ကျောက်ပန္ဒူရွာမှ ကိုဝင်းလှိုင်

ကျွန်တော်တို့ ကျောက်ပန္ဒူ ရွာသားတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရတယ်။ လုံခြုံရေးတပ်သားတွေကတော့ အနည်းငယ်ရှိတယ်။ စခန်းတစ်ခု မကြာခင်ကမှ ကျသွားတယ်။ ကင်းစခန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ရတယ်။ ညဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဆိုတာ မသိရသေးဘူး။ လုံခြုံရေးမရှိရင် အားလုံးသေကုန်လိမ့်မယ်၊ အကြမ်းဖက်ဘင်္ဂါလီတွေဟာ ရွာလုံးကျွတ်ထွက်လာပြီး တိုက်ခိုက်ကြတာပါ။ ရွာကိုလည်း ဘင်္ဂါလီတွေက ဝိုင်းထားတယ်။ ရဲတပ်ဖွဲ့က နည်းနည်းလေးဆိုတော့ အကြမ်းဖက်သမားတွေ တိုးလာရင် မလွယ်ဘူး။ ညဘက်ဆိုရင် ဘယ်လိုနေမလဲ မသိဘူး။ ဘင်္ဂါလီတွေက အသံချဲ့စက်တွေနဲ့ အော်နေတော့ ဒေသခံတွေက တော်တော်ကို ကြောက်နေကြတယ်။ ညမှောင်ရင်တော့ ဒီထက်ပိုပြီးမဆိုးဖို့ပဲ ဆုတောင်းရမယ့်သဘောရှိတယ်”

Most Read

Most Recent