နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပြီး အစိုးရကိုအကြည်ညိုပျက်အောင် မလုပ်ခဲ့ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် (၁၈) ကြိမ်မြောက်ရုံးထုတ်တွင် ပြောကြား

နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပြီး အစိုးရကိုအကြည်ညိုပျက်အောင် မလုပ်ခဲ့ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် (၁၈) ကြိမ်မြောက်ရုံးထုတ်တွင် ပြောကြား
Published 24 July 2018

နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပြီး အစိုးရကို အကြည်ညိုပျက်အောင်မလုပ်ခဲ့ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်က (၁၈) ကြိမ်မြောက်ရုံးထုတ်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ပုဒ်မသုံးခုဖြင့် တရာစွဲဆိုခံထားရသော စာရေးဆရာ ဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့အား ဇူလိုင် ၂၃ ရက်က ၁၈ ကြိမ်မြောက်ရုံးထုတ်ခဲ့ရာ အဆိုပါရုံးထုတ်တွင် ဒေါက်တာအေးမောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဦးသိန်းစိန်လက်ထက်ကတဲ့ ဟောပြောပွဲ၊ ဒီအစိုးရလက်ထက်မှာပဲ ၂၀၁၆ မှာ ဟောပြောခဲ့တယ်။ ဘာမှမဖြစ်ဘူး။ အခုဟော ပြောတာကလည်း သမိုင်းဆိုင်ရာဖြစ်တယ်။  အမျိုးသားရင်ကြားစေ့ရေးအတွက် ကျွန်တော်က မာလ်တီနယ်ရှင်နယ်ပေါ့။ တိုင်းရင်းသား  အားလုံးရှိတဲ့၊ ပိုင်တဲ့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသားတစ်မျိုးချင်းတစ်မျိုးချင်းရဲ့ အတိတ်ကဖြစ်ခဲ့တာဟာလေးတွေ၊ နောင်အနာ ဂတ်လေးတွေအတွက် ဟောပြောတာဟာ အင်မတန်ကောင်းပါတယ်။ ဗိုလ်ပြောခဲ့တာရှိတယ်၊ ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေဆိုတာ ပြောခဲ့တယ်။ အဲဒီလိုဖြစ် ဖို့လိုတယ်။ ဆင်ခြင်တုံတရားဆိုတာ တရားရေးမဏ္ဍိုင်တစ်ခုတည်းကို ပြောလို့မရဘူး၊ အုပ်ချုပ်တဲ့မဏ္ဍိုင်ကလည်း စနစ်တကျရှိရင်  ကျွန်တော်တို့ သွားချင်တဲ့လမ်းကြောင်းကို အမြန်ရောက်မယ်။ ကျွန်တော်တို့က ၁၂၂ ကို ဘာမှမလုပ်ဘူး။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်မှု ကျွန်တော်တို့ တစ်ယောက်မှမရှိဘူး။ ၅၀၅ (ခ) ကတော့ဗျာ ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ ပြောခဲ့ဆိုခဲ့တာတွေ ရှိရင်တော့ ဒါကတော့ အလျှော့အတင်းလုပ်လို့ရပါတယ်။ အစိုးရကို အကြည်ညိုပျက်အောင် ဘာမှမလုပ်ခဲ့ဘူး။ ကျွန်တော်တို့က သဘောတရားလေးတွေကို ပြောတာ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဆိုလိုတာ” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး စစ်ဆေးမှုများမှာ သြဂုတ်လပိုင်းတွင် ပြီးပြတ်နိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“၃၀ ရက်နေ့မှာ ကိုကျော်နုကို ပြန်ခေါ်မယ်။ အရင်က စခန်းမှူးလုပ်ခဲ့တဲ့သူပေါ့။ အဲဒါပြီးရင် ဒီသုံးခုလုံးပြီးပြီ။ သြဂုတ်လလောက်ဆိုရင်ပြီးပြီ” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

အမှုများနှင့်ပတ်သက်ပြီး စစ်တွေခရိုင် တရားရုံးတွင် ပုဒ်မသုံးခုစလုံးအား စစ်ဆေးနေခြင်း ဖြစ်သည်။

ဇူလိုင် ၂၃ ရက်ရုံးချိန်းတွင် တရာလိုပြ သက်သေတစ်ဦးဖြစ်သော ရသေ့တောင်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်ဝင်းနိုင်ကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းကို ဇူလိုင် ၃၀ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

ရသေ့တောင် စာပေဟောပြောပွဲတွင် ဟောပြောမှုများနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၇(၁)၊ ၅၀၅(ခ)(ဂ)တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

 

Most Read

Most Recent