ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းအား ကန့်ကွက်သည့်ဒေသခံများ နေပြည်တော်သို့

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းအား ကန့်ကွက်သည့်ဒေသခံများ နေပြည်တော်သို့
Published 24 July 2018

ဆန္ဒပြချီတက်ရန်ထွက်ခွာရာ ကြာနီကန်ရဲကင်းစခန်းရှေ့တွင် တားဆီးပိတ်ပင်ခံရ တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ချီတက်ဆန္ဒပြနေသည့် ဒေသခံတောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်နေသည့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းအား ကန့်ကွက်သည့်ဒေသခံများ နေပြည်တော်သို့  ဆန္ဒပြချီတက်ရန် ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက ထွက်ခွာစဉ်  ကြာနီကန်ရဲကင်းစခန်းရှေ့တွင် ရဲတပ်ဖွဲ့မှ  တားဆီးပိတ်ပင်ခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေသည့် ဒေသခံများအနက် တစ်ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဒေသခံများက ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ် ရဲစခန်းရှေ့၌ စုဝေးတောင်းဆိုခဲ့ရာမှ လူစုလူဝေးဖြစ်ပွားခဲ့ရပြီးနောက် ဇူလိုင် ၂၃ ရက် နံနက်တွင် နေပြည်တော်သို့ ဆန္ဒပြချီတက်တောင်းဆိုရန် ရွာမှထွက်ခွာလာစဉ် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းကို ကန့်ကွက်နေသည့် ဒေသခံအောင်သပြေရွာသားများအနေဖြင့် နေပြည်တော်သို့ ဆန္ဒပြတောင်းဆိုရန် အကြောင်းကြားခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိဟု သိရသည်။

“ခွင့်ပြုထားခြင်းမရှိတာမို့ ခုလိုတားမြစ်ရတာပါ။ နယ်ကျော်တဲ့ကိစ္စဖြစ်တာကြောင့် ဒီမြို့နယ်ထဲက ထွက်ခွာဖို့ ခွင့်မပြုရတာပါ။ ဒီမြို့နယ်ထဲမှာတင် ဆောင်ရွက်ခဲ့တာတွေကို နှစ်ကြိမ်ခွင့်ပြုခဲ့ပါတယ်” ဟု ပုသိမ်ကြီးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်းက ပြောကြားသည်။

လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီမှာ ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိကြောင်း၊ ယင်းသို့ ပြုလုပ်နေခြင်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သိရှိနိုင်ရန် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် အောင်သပြေကျေးရွာမှ မောင်မြင့်အောင်က ပြောကြားသည်။

“ပုသိမ်ကြီးမြို့နယ်ကနေ နေပြည်တော်အထိ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို ဆန္ဒပြ ထုတ်ဖော်သွားမှာပါ။ သတ္တုတွင်းဝန်ကြီးဌာနက ချပေးထားတဲ့လမ်းစဉ်ကို မလိုက်ဘဲနဲ့ ပြည်သူတွေကို အမျိုးမျိုးတရားစွဲပါတယ်။ ချပေးထားတာ မတ္တရာလုပ်ကွက်၊ မတ္တရာနယ်မြေထဲမှာပါ။ ဒါကို ကျွန်တော်တို့ ပုသိမ်ကြီးမြို့နယ်ထဲက ဖွံ့ဖြိုးရေးလမ်းပေါ်မှာတက်ပြီး စော်ကားပါတယ်။ တရုတ်ကုမ္ပဏီအလိုကျ တောင်သူကို လမ်းပေါ်တက်တယ်ဆိုပြီး ဖမ်းပါတယ်။ အကျယ် ၁၈ ပေကျတဲ့ဟာကို ပေ ၅၀ ချဲ့ချင်လို့ဆိုပြီး တောင်သူကို ဖမ်းတာပါ။ သတ္တုတွင်းဝန်ကြီးဌာနက ချပေးတဲ့လမ်းစဉ်တွေ၊ စာချုပ်စာတမ်းတွေ ရှိပါတယ်။ ဒါတွေကို လိုက်နာခြင်းမရှိပါဘူး။ ဒါကြောင့် အမေဒေါ်အောင်ဆန်းစုကြည်သိဖို့ နေပြည်တော်ကို လမ်းလျှောက်ချီတက် ဆန္ဒပြမှာသိကြလို့ ခုလို တားဆီးပိတ်ပင်ခံရတာပါ” ဟု အောင်သပြေကျေးရွာမှ မောင်မြင့်အောင်က ပြောကြားသည်။

ဆန္ဒပြတောင်းဆိုမှုများကို မန္တလေး-မတ္တရာ-မိုးကုတ် ကားလမ်းတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးများဖြင့် တားမြစ်ထားသလို မန္တလေးမြို့အဝင် ရွှေကျင်ဂိတ်တွင်လည်း လုံခြုံရေးအင်အား အများအပြား ရယူထားသည်ကို တွေ့ရသည်။

ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ၊ သရက်ကိုင်းကျေးရွာ အစရှိသည့် ကျေးရွာများအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ  ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံကျေးရွာသားများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့်ဟုဆိုကာ ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အပြင် ဆန္ဒထုတ်ဖော်မှုများလည်း  ပြုလုပ်လျက်ရှိသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကမူ စီမံကိန်းအား ကန့်ကွက်နေသူများမှာ လူအနည်းစုသာ ကန့်ကွက်လျက်ရှိပြီး စီမံကိန်းကိုမြေပြင်ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်ထားကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးထားခြင်းဖြစ်သည်ဟု အစိုးရ၏ နှစ်နှစ်တာကာလဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 

Most Read

Most Recent