<

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA နှစ်ဖက်စစ်ရေး တင်းမာနေသည့်အတွက် စစ်ရေးပြင်ဆင်မှုများ ရှိနေဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) တို့ နှစ်ဖက်စစ်ရေး တင်းမာနေသည့်အတွက် စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် တပ်မတော်နှင့် KIA တပ်ရင်း (၆) တို့ ဖားကန့်မြို့နယ်အတွင်းရှိ KIA ထိန်းချုပ်ဒေသဖြစ်သည့် လိုင်နှောင်ခူးကျေးရွာဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့သော်လည်း လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှု ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျန်တဲ့ဒေသတွေမှာတော့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမဲ့ အဲဒီရင်း (၆)  ဘက်မှာတော့ စစ်ရေးတင်းမာနေတယ်လို့ ပြောလို့ရတယ်။ စစ်ရေးပြင်ဆင်နေတယ်ပေါ့။ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အနေအထားပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကာလတွင် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်သည် နေပြည်တော်သို့ လာရောက်၍ အခြားမြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား သီးခြားစီတွေ့ဆုံခဲ့သည်။

ထို့အတူ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်များသည် ဇူလိုင် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင်တွေ့ဆုံကာ KIO/KIA အနေဖြင့် NCA  တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ လျှော့ချနိုင်ရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးထားသော်လည်း မြေပြင်အောက်ခြေတွင်မူ တိုက်ပွဲများဖြစ်ပွားကာ  စစ်ရေးတင်းမာနေဆဲပင် ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့် KIA တို့အကြား ထိတွေ့မှုများဖြစ်ပွားခဲ့သော်လည်း ပဋိပက္ခအရှိန်အဟုန်မှာ ပြင်းထန်မှု မရှိသည့်အပြင် အဆိုပါလတွင် KIA  အဖွဲ့၏ တပ်စခန်းများကို တပ်မတော်က တိုက်ခိုက်ခြင်း မပြုခဲ့သည်ကိုတွေ့ရကြောင်း ဇူလိုင် ၁၂  ရက်တွင် Myanmar Institute for Peace anf Security (MIPS) ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက်အလက်တွင် မှတ်တမ်းတင်ထားသော အချက်အလက်များအရ  ပြီးခဲ့သည့် ဇွန်တွင် လက်နက်ကိုင်ထိတွေ့မှု ၁၃ ကြိမ်၊ ဒေသန္တရလက်လုပ်မိုင်း အသုံးပြု တိုက်ခိုက်မှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး မေတွင် အဆိုပါ ထိတွေ့တိုက်ခိုက်မှုပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် ဇွန်လသည် ထိတွေ့တိုက်ခိုက်မှု သိသာစွာလျော့ကျခဲ့ကြောင်း သိရသည်။

ထို့အတူ မေတွင် မြို့နယ်ပေါင်း ၂၅ မြို့ နယ်၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဇွန်တွင် မြို့နယ် ၁၁ မြို့နယ်၌သာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက်အလက်တွင် မှတ်တမ်းတင်ထားသော အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှုနှုန်းထား အမြင့်မားဆုံး ကြုံတွေ့ရသည့် မြို့နယ်များမှာ ရှမ်းပြည်နယ်အတွင်းရှိ ကျောက်မဲမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခအနည်းဆုံး သုံးကြိမ်စီဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ်အတွင်းရှိ နမ္မတူမြို့နယ်၊ ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခ နှစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း MIPS ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

July 23, 2018














Copy Protected by Chetan's WP-Copyprotect.