<

FMI Air ယာယီရပ်ဆိုင်းမှု ကုမ္ပဏီ၏၀င်ငွေအပေါ် တစ်စုံတစ်ရာပြောင်းလဲစေမည် မဟုတ်ကြောင်းနှင့် အနာဂတ်တွင် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်မည်ဟု သိရ

FMI လေကြောင်းလိုင်း ပြေးဆွဲခဲ့စဉ်က FMI လေယာဉ်တစ်စင်းကို တွေ့ရစဉ်

FMI Air ယာယီရပ်ဆိုင်းမှု ကုမ္ပဏီ၏ ၀င်ငွေအပေါ် တစ်စုံတစ်ရာပြောင်းလဲစေမည် မဟုတ်ကြောင်းနှင့် အနာဂတ်တွင် လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်ဖွဲ့စည်း၍ လေကြောင်းလိုင်း ပြေးဆွဲမှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း FMI က ဇူလိုင် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်တွင်းခရီးစဉ် ပြေးဆွဲမှုများနှင့် လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုများ လုပ်ကိုင်နေသော FMI လေကြောင်းလိုင်း၏ လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း FMI က ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့ပြီး FMI Air တွင် First Myanmar Investment Co.,Ltd က ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပြီး ကုမ္ပဏီအုပ်စု၏ ၀င်ငွေအပေါ် တစ်စုံတစ်ရာပြောင်းလဲစေမည် မဟုတ်ကြောင်း ဆက်လက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

FMI Air အနေဖြင့် လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းသည်ဟုသာ သတင်းထုတ်ပြန်ခဲ့သော်လည်း ၀န်ထမ်း ၁၃၄ ဦးကို လုပ်ငန်းပြောင်းရွှေ့စေခြင်းနှင့် အလုပ်သမားဥပဒေအရ လျော်ကြေးပေးမည်ဟု ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် လုပ်ငန်းအပြီးသတ်ရပ်ဆိုင်းသည်ဟု မှတ်ယူမှုများ ရှိခဲ့ခြင်းကြောင့် အဆိုပါ လေကြောင်းလိုင်းပြေးဆွဲမှုကို မြန်မာ့လေကြောင်းလိုင်းကဏ္ဍ၏ စိန်ခေါ်မှုများနှင့်အတူ FMI Air လေကြောင်းလိုင်း၏ အကျိုးစီးပွားကို ရှေးရှုလျက် လုပ်ငန်းလည်ပတ်မှုများ ခေတ္တရပ်ဆိုင်းခြင်းသာဖြစ်ကြောင်းနှင့် အနာဂတ်တွင် လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်ဖွဲ့စည်း၍ လေကြောင်းလိုင်းပြေးဆွဲမှု လုပ်ငန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် FMI ၏ ၀င်ငွေတိုးတက်မှုကို အဓိကမောင်းနှင်သည့် ကဏ္ဍအဖြစ် ဘဏ္ဍာရေးဝန်ဆောင်မှုမှ ကျပ် ၁၈၆ ဘီလျံကျော်တိုးတက်လာပြီး ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်ကထက် ၂၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ကာကျန်းမာရေးကဏ္ဍတွင် ကျပ် ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ယမန်ဘဏ္ဍာနှစ်ထက် ၂၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

FMI ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဝင်ငွေ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရိုးမဘဏ်မှ ရရှိထားပြီး စုစုပေါင်း ကျပ် ၁၈၆ ဒသမ ၅ ဘီလျံအထိရှိကာ ယမန်ဘဏ္ဍာနှစ် ထက်၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဘဏ်တွင်လာရောက်အပ်နှံကြသည့်ငွေများ တိုးတက်လာသဖြင့် ခန့်မှန်းချက်အတိုင်း ချေးငွေပမာဏမှာလည်း အလားတူ တိုးတက်မည်ဖြစ်ကြောင်း FMI ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဆိုသည်။

FMI ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၀င်ငွေမှာ ကျပ် ၂၀၅ ဒသမ ၆ ဘီလျံအထိရှိပြီး ယမန်ဘဏ္ဍာနှစ်ထက် ၂၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ကာ အသားတင်အမြတ် ကျပ် ၂၄ ဒသမ ၇ ဘီလျံအထိ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီအုပ်စု၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၀င်ငွေမှာ ကျပ် ၁၆၁ ဒသမ ၃ ဘီလျံအထိရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၀င်ငွေ ကျပ် ၂၀၅ ဒသမ ၆ ဘီလျံအထိရှိပြီး ၂၇ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအုပ်စု၏ ၀င်ငွေခွန်မဆောင်မီ အသားတင်အမြတ်မှာ ၅၆ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၄ ဒသမ ၉ ဘီလျံမှ ယခုဘဏ္ဍာနှစ်တွင် ကျပ် ၂၄ ဒသမ ၇ ဘီလျံအထိ ရရှိခဲ့ကာ အသားတင်အမြတ် ၆၆ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းလည်ပတ်မှုမှ ရရိသော ၀င်ငွေမဟုတ်သည့် အခြားဝင်ငွေများတွင် ယမန်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကျပ် ၁၃ ဘီလျံကျော်အထိ မြင့်တက်ခဲ့ပြီး ၁၄၃ ဒသမ ၅ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့ကြောင်း သိရသည်။

အသားတင်အမြတ်ငွေ တိုးတက်မှုများကြောင့် ရှယ်ယာတစ်စုဝင်ငွေမှာလည်း တိုးတက်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင် ရှယ်ယာတစ်စု ၅၁၈ ကျပ်သာ ရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၆ ကျပ်သို့ တိုးတက်လာခဲ့ကြောင်း သိရသည်။ သို့သော် ရှယ်ယာတစ်စု ၀င်ငွေတိုးနှုန်းမှာ စုစုပေါင်းအမြတ်ငွေတိုး တက်မှုထက် နည်းပါးခဲ့ပြီး ထိုသို့နည်းပါးခဲ့ခြင်းမှာ အပိုဆုရှယ်ယာ ၂ ဒသမ ၃ သန်းကို ထုတ်ဝေခဲ့ခြင်းကြောင့် ရှယ်ယာအရေအတွက် များပြားလာခြင်းနှင့် အစုရှယ်ယာရှင်များ ဝေစုမြင့်တက်လာမှုကြောင့် ဖြစ်သည်။

July 23, 2018














Copy Protected by Chetan's WP-Copyprotect.