စီးပွားရေးအကြံပေးတစ်ဦး၏ ကမ္ဘောဇဘဏ် Account အား နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက Hack ၍ ငွေများထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အတည်ပြု

စီးပွားရေးအကြံပေးတစ်ဦး၏ ကမ္ဘောဇဘဏ် Account အား နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက Hack ၍ ငွေများထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အတည်ပြု
Published 23 July 2018

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံတွင် စီးပွားရေးအကြံပေးအဖြစ် အလုပ်လုပ်ကိုင်သူတစ်ဦး၏ ကမ္ဘောဇဘဏ် Account အား နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက ဇူလိုင် ၁၇ ရက်တွင် Hack လုပ်ပြီး ငွေများထုတ်ယူခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းနှင့် ကမာရွတ်မြို့မရဲစခန်းတို့အား ဆက်သွယ်မေးမြန်းရာတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၂ ရက် ညပိုင်းက အတည်ပြု ချက်ပေးခဲ့သည်။

ထိုသို့ အတည်ပြုချက်ပေးခဲ့သော်လည်း အသေးစိတ်ပြောကြားခြင်းမရှိဘဲ ထွက်ပေါ်နေသည့် သတင်းများအရ ဇူလိုင် ၁၇ ရက်တွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ စီးပွားရေးအကြံပေးအဖြစ် အလုပ်လုပ်ကိုင်သူတစ်ဦး၏ ကမ္ဘောဇဘဏ် Account အား နိုင်ဂျီးရီးယား နိုင်ငံသားနှစ်ဦးက Hack လုပ်၍ ငွေများထုတ်ယူသွားခဲ့သဖြင့် ငွေထုတ်ယူခြင်းခံရသည့် ဘဏ်အကောင့်ပိုင်ရှင် စီးပွားရေးအကြံပေးက ဇူလိုင် ၁၉ ရက်တွင် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိ ရပြီး ယင်းသို့တိုင်ကြားခဲ့ရာ ဇူလိုင် ၂၁ ရက်၌ Hack လုပ်ခဲ့သူနှစ်ဦးအနက်မှ တစ်ဦးအား ကမာရွတ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်အား  မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူးအား ဇူလိုင် ၂၂ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

“ဟုတ်ပါတယ်။ ငွေတွေ လိမ်ထုတ်သွားတာ ဟုတ်ပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဇူလိုင် ၂၂ ရက် ည ၇ နာရီကျော်တွင် The Daily Eleven သတင်းစာ၏မေးမြန်းမှုအပေါ် အတည်ပြုပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ အတည်ပြုပြောကြားချက်ကြောင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့  ဇူလိုင် ၂၂ ရက် ည ၈ နာရီကျော်တွင် သွားရောက်မေးမြန်းစုံစမ်းခဲ့ရာတွင် တာဝန်ကျရဲအရာရှိတစ်ဦးက အဆိုပါဖြစ်စဉ်အား ထပ်မံအတည်ပြု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ စစ်ဆေးနေဆဲဖြစ်သဖြင့်  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းရန် ပြောကြားသည်။

“ဖြစ်တာကတော့ ဟုတ်တယ်။ ဒါပေမဲ့ စစ်နေတယ်။ အသေးစိတ်ကို ပြောလို့မရဘူး။ သိချင်ရင် တိုင်းရုံးကိုသွားမေးလိုက်ပါ” ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းရှိ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမှ ထွက်လာသည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်မူ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ချေ။

ထို့ပြင် ကမာရွတ်မြို့မရဲစခန်း၏ ဖုန်းနံပါတ်အား ဆက်သွယ်မေးမြန်းခဲ့ရာ Hack လုပ်ပြီး ငွေထုတ်ယူခဲ့သည့် နိုင်ငံခြားသားအား ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဖြစ်စဉ်နှင့် ဆက်စပ်နေသည့် အမျိုးသမီးတစ်ဦးကိုသာ ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်အား ပြောခွင့် မရှိသေးသဖြင့် ပြောနိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“နိုင်ငံခြားသားတွေကို မမိသေးပါဘူး။ ဖြစ်စဉ်ဖြစ်တာကတော့ ဟုတ်ပါတယ်။ အမျိုးသမီးတစ်ဦးကိုတော့ မိထားပါတယ်။ အသေးစိတ်ကတော့ ကျွန်တော်တို့ ခွင့်ပြုချက်မရှိဘဲ ပြောလို့မရလို့ပါ”ဟု ဇူလိုင် ၂၂ ရက် ည ၈ နာရီခွဲကျော်တွင် The Daily Eleven သတင်း စာ၏ ဆက်သွယ်မေးမြန်းမှုအား ပြန်လည် ဖြေကြားသည်။

ထိုသို့ ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသည့် ဘဏ် Account အား နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက Hack ပြီး ငွေလိမ်ထုတ်ယူမှု ဖြစ်စဉ်အပေါ် ဘဏ်ဘက်မှ မည်သို့ကူညီ ဆောင်ရွက်ထားမှု ရှိ မရှိကို ကမ္ဘောဇဘဏ်မှ  Deputy CEO ဦးအောင်ကျော်မျိုးအား ဆက် သွယ်မေးမြန်းရာ ခွင့်ယူထားကြောင်းနှင့် ဇူလိုင် ၂၃ ရက်မှသာ အဆက်အသွယ်ရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဖြစ်စဉ်အသေးစိတ်အား  ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဘဏ် စသည်ဖြင့် ဆက်လက် စုံစမ်းမေးမြန်းပြီး ထပ်မံဖော်ပြပေးသွားမည် ဖြစ်သည်။

 

 

Most Read

Most Recent