သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိပြီး ဘားအံမြို့ မြေနိမ့်ရပ်ကွက်များတွင် မြစ်ရေလွှမ်းမှုဖြစ်ပေါ်

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိပြီး ဘားအံမြို့ မြေနိမ့်ရပ်ကွက်များတွင် မြစ်ရေလွှမ်းမှုဖြစ်ပေါ်
Published 23 July 2018

ဘားအံ-မြိုင်ကြီးငူ ကားလမ်း ရေကျော်နစ်မြုပ်နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ်

ဇူလိုင်၂၁ ရက် ညနေ ၆ နာရီမှ စတင်၍ သံလွင်မြစ်ရေသည် ၎င်း၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ၇၅၂ စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက် ဘားအံမြို့ မြေနိမ့်ရပ်ကွက်များတွင် မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

“မြစ်ရေက ညပိုင်းတက်လာတာဆိုတော့ နည်းနည်းတော့ စိုးရိမ်မိတာပေါ့။ ဇူလိုင်တစ်လလုံး မိုးကလည်း တစ်ရက်မပျက် ရွာတာဆိုတော့ မိုးရေနဲ့မြစ်ရေ ပေါင်းစပ်မိသွားတာလေ။ လောလောဆယ်လှေမကူဘဲ သွားလို့လာလို့ ရသေးတာဆိုတော့ ဘယ်ကိုမှ မပြောင်းဖြစ်သေးပါဘူး။ မြစ်ရေအခြေအနေကို စောင့်ကြည့်နေပါတယ်” ဟု ဘားအံမြို့ အမှတ် ၁ ရပ်ကွက် အုတ်ဖိုလမ်းတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

ဇူလိုင်၂၁ ရက် ညဦးပိုင်းမှ စတင်ကာ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့ မြေနိမ့်ရပ်ကွက်များဖြစ်သည့် အမှတ်၁ ရပ်ကွက်လမ်း ၁၊၂၊၃ အမှတ်၂ ရပ်ကွက် ရွှေနှင်းဆီလမ်း (၄၊၅၊၆၊၇) နှင့် အမှတ် ၅ ရပ်ကွက်အောင်နန်း ၄ လမ်းတို့တွင် မြစ်ရေဝင်ရောက်ပြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။

“သံလွင်မြစ်ရေ လွှမ်းမိုးမှုက ပြောင်းလဲမှု မြန်ဆန်တဲ့အတွက် မြေနိမ့်ရပ်ကွက်တွေမှာ ရေကင်းစခန်း ဖွင့်လှစ်ပြီး သတိထား စောင့်ကြည့်နေပါတယ်။ မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ရင် ကြိုတင်ကာကွယ်နိုင်ဖို့ ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ အဝတ်အထည်တွေကို စုဆောင်းထားရှိ ထားပါတယ်။ လိုအပ်ရင် ရေဘေးကယ်ဆယ်ရေး စခန်းတွေကို အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်” ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေ လွှမ်းမိုးမှု ဖြစ်စဉ်တွင်၂၀၁၂ ခုနှစ်အတွင်း မြစ်ရေလွှမ်းမိုးမှု လေးကြိမ်လေးခါ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်စဉ်မြစ်ရေ လွှမ်းမိုးမှု ဖြစ်ပေါ်လေ့ရှိသော်လည်း ၂၀၁၅ ခုနှစ်မှ စတင်ကာ၂၀၁၇ ခုနှစ် ထိုမြစ်ရေလွှမ်းမိုးမှု မဖြစ်ပေါ်ခဲ့ဘဲ ၂၀၁၈ ခုနှစ် ဇူလိုင်၂၁ ရက်မှ စတင်ပြီး မြစ်ရေလွှမ်းမိုးမှု ခံစားရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

အလားတူ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင်လည်း လှိုင်းဘွဲ့ချောင်းရေမှာ ၎င်း၏စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိ နေသည့်အတွက် စာသင်ကျောင်း ခုနစ်ကျောင်းကို ပိတ်ထားရကြောင်း သိရသည်။

Most Read

Most Recent