ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံတစ်ဦး ဖမ်းဆီးခံရမှုအပေါ် ဒေသခံများက မကျေနပ်သဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်

ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံတစ်ဦး ဖမ်းဆီးခံရမှုအပေါ် ဒေသခံများက မကျေနပ်သဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်
Published 23 July 2018

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက်နေသည့် ဒေသခံများအနက် တစ်ဦးဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒေသခံ ရွာသားများက ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ် ရဲစခန်းရှေ့တွင် စုဝေးတောင်းဆို ခဲ့ကြပြီး လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တော ကျေးရွာအုပ်စု၊ သရက်ကိုင်းကျေးရွာနေ ဒေါ်မြမြမှာ ၎င်းပိုင်ဆိုင်သည့် မြေယာအတွင်း ခြံဝန်းခတ်ရာ၊ အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက် လမ်းပေါ်သို့ (ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံအနီး) ကျူးကျော်သည် ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် ကျေး/လက် လမ်းတံတား ဦးစီးဌာနမှ လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးခဲ့မှုအပေါ် ဒေသခံရွာသားများက မကျေနပ်သဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းသို့ လာရောက်စုရုံးခဲ့ပြီး ဖမ်းဆီးခံရသူကို လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ကာ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ လူစုလူဝေး ဖြစ်ပေါ်ခဲ့မှုမှာ ညနေ ၅ နာရီ အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြသည်။

“ဒီနေ့ အဖမ်းခံလိုက်ရတဲ့ ဒေါ်မြမြဆိုတာက သူ့ရဲ့ယာခင်းလေးကို ခြံစည်းရိုး သွားကာတာပါ။ ဖမ်းဆီးသွားတာကလည်း တောထဲမှာ ဖမ်းသွားတာ၊ ဓားပြဖမ်းတွေကို ဖမ်းသလိုပဲ။ ရွာထဲမှာ ဆိုရင်တော့ သက်ဆိုင်ရာ လူကြီးတွေပါရမှာ။ ကျွန်တော်တို့ တောင်သူတွေက အရင်ကတည်းက ဒီနေရာတွေမှာ ဓားမဦးချ လုပ်ကိုင်စားသောက် ခဲ့ကြတာပါ။ အခုလို မတရား ဖမ်းဆီးသွားတာကို ကျွန်တော်တို့ တောင်သူတွေက လက်သင့်မခံဘူး။ ဒါကြောင့် ဖမ်းဆီးသွားသူကို ပြန်လွှတ်ပေးဖို့ အတွက် လာရောက် တောင်းဆိုတာ ဖြစ်ပါတယ်” ဟု အောင်သပြေကျေးရွာမှ ကိုထွန်းနိုင်က ဆိုသည်။

ထို့ပြင် အဆိုပါ ဖမ်းဆီးခံရသူအား သွားရောက် တွေ့ဆုံခဲ့သည့် အောင်သပြေကျေးရွာမှ ဦးရွှေအုန်းက “အခု ဖမ်းဆီးခံထားရတဲ့ သရက်ကိုင်းကျေးရွာက တောင်သူဒေါ်မြ အပါအဝင် ဒေသခံတောင်သူ လေးဦးကို လမ်းတံတား ဦးစီးဌာနက တရားစွဲထားတယ်။ အခုဖောက်ထားတဲ့ လမ်းကလည်း ကိုယ်ထူကိုယ်ထ လမ်းပါ။ အခုလို လုပ်တာက တောင်သူတွေ အပေါ်မှာ လုံးဝမတရားဘူးလို့ ပြောချင်တယ်။ ကျွန်တော်တို့ တောင်သူတွေက ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်မယ်ဆိုတော့ လုံးဝခွင့်မပြုဘူး။ ကျွန်တော်တို့ တောင်သူတွေကို ဆူပူအောင် လုပ်နေတာ၊ နောက်ကွယ်ကနေ သွေးထိုးနေတာလို့ ပြောတယ်။ ဘယ်သူကမှ သွေးထိုးနေတာ မရှိပါဘူး။ ဒီနေ့ ကျွန်တော်သွားတွေ့တဲ့ အခါမှာ ဒီအမှုက အာမခံပေးလို့ မရတဲ့အတွက် လွှတ်မပေးဘူးလို့ ပြောပါတယ်။ အဖမ်းခံရသူ ဒေါ်မြမြကလည်း သူ့ကိုလွှတ်မပေးရင် အစာမစားတော့ဘူးလို့ ပြောလိုက်တယ်။ ကျွန်တော်တို့ တောင်သူတွေက မတရား ခံနေရပါတယ်။ အခုလိုတွေဖြစ်အောင် လုပ်နေတာက အယ်လ်ဖာ ဘိလပ်မြေစက်ရုံက လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ တောင်သူတွေကတော့ တရားမျှတမှု အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။

ဒေသခံတောင်သူများကို အမှုဖွင့်အရေးယူထားမှုနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းမှ ဒုရဲမှူးမင်းသိန်းကို ဆက်လက်မေးမြန်းခဲ့ရာ “သူတို့ကို အမှုဖွင့်ထားတာက ကျေးလက် လမ်းဦးစီးဌာနကနေပြီးတော့ မန္တလေးတိုင်းဒေသကြီး လမ်းများတံတားများ ဥပဒေပုဒ်မ ၂၂ အရ လာပြီးတော့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အမှုဖွင့်ထားတာကတော့ လောလောဆယ် လေးယောက်ပါ။ လက်ရှိကတော့ တစ်ဦးကို ဖမ်းဆီးအရေးယူ ထားပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အမြန်ဆုံး တရားစွဲဆိုသွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီအမှုမှာဆိုရင် စွဲဆိုထားတဲ့ ပုဒ်မက အာမခံပေးလို့ မရပါဘူး။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ ဆိုတာက တိကျတဲ့အဖြေကို ကျွန်တော်တို့ ပြောလို့မရသေးပါဘူး” ဟု ဖြေကြားခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တေကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ၊ သရက်ကိုင်းကျေးရွာ အစရှိသည့် ကျေးရွာများ အနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံ ကျေးရွာသားများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ဟုဆိုကာ ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ် နေသည့်အပြင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကမူ စီမံကိန်းအား ကန့်ကွက်နေသူများမှာ လူအနည်းစုသာ ကန့်ကွက်လျက်ရှိပြီး စီမံကိန်းကို မြေပြင်ကွင်းဆင်း၍ စိစစ်မှုများ လုပ်ဆောင်ထားကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် တိုင်းအစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most Read

Most Recent