တောင်ပြုန်းပွဲတော်အတွက် ဂေါပကက ဈေးဆိုင်ခန်း ချထားရောင်းချပေးမှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် တင်ဒါခေါ်ယူမှု နောက်ကျသည့်အတွက် လုပ်ငန်းခြောက်မျိုးမှ လေလံရရှိငွေ ထက်ဝက်ခန့် လျော့ကျဟု သိရ

တောင်ပြုန်းပွဲတော်အတွက် ဂေါပကက ဈေးဆိုင်ခန်း ချထားရောင်းချပေးမှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် တင်ဒါခေါ်ယူမှု နောက်ကျသည့်အတွက် လုပ်ငန်းခြောက်မျိုးမှ လေလံရရှိငွေ ထက်ဝက်ခန့် လျော့ကျဟု သိရ
Published 23 July 2018

တောင်ပြုန်းပွဲတော်အတွက် ဂေါပကက ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကြီးကျေးရွာရှိ ဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲနှင့် တောင်ပြုန်းမင်းနှစ်ပါးပွဲတော်ကို လာမည့်ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ လက်ရှိတွင် ဘုရားပွဲဈေးတန်း ဈေးဆိုင်ခန်း ချထားရောင်းချပေးမှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားပွဲတော်ကာလတွင် စုစုပေါင်း လုပ်ငန်းကိုးမျိုးရှိသည့်အနက်မှ ဂေါပကအဖွဲ့အနေဖြင့် လုပ်ငန်းသုံးမျိုးဖြစ်သော ဈေးကြီးလုပ်ငန်း၊ ဈေးလေးလုပ်ငန်းနှင့် ရွှေဆိုင်းရောင်းချရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကာ ကျန်လုပ်ငန်းခြောက်မျိုးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နှစ်စဉ်ချထား ဆောင်ရွက်မှု ပြုလုပ်ကြောင်း၊ နှစ်စဉ် ယင်းအိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းကို နယုန်လတွင် ဆောင်ရွက်လေ့ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဒုတိယဝါဆိုလဆန်းမှ ချထားဆောင်ရွက်ရခြင်းကြောင့် လေလံမှရရှိငွေ ထက်ဝက်ခန့် လျော့နည်းသွားကြောင်း သိရသည်။

ဂေါပကအဖွဲ့မှ ဆောင်ရွက်သည့် လုပ်ငန်းများအနက် ဈေးကြီး၊ ဈေးလေးလုပ်ငန်း ဆိုင်ခန်းရောင်းချပေးခြင်းကို စတင်ရောင်းချပေးလျက်ရှိပြီး လက်ရှိတွင် နှစ်စဉ်လာရောက် ဈေးရောင်းချသောသူများကို ဦးစားပေးစနစ်ဖြင့် ရောင်းချလျက်ရှိကာ လာမည့် ဝါဆိုလပြည့်ကျော် ၇ ရက်နောက်ပိုင်းတွင် ဆိုင်းခန်းအသစ်များအတွက် နေရာချထား ရောင်းချပေးသွားမည်ဖြစ်ကာ ဆိုင်ခန်းဈေးနှုန်းများကို တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ လျှော့ချ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“လေလံချတာ ဒီနှစ်ကနောက်ကျတယ်။ နှစ်စဉ်က လေလံက နယုန်လပြည့်မှာ လေလံ ချလေ့ရှိတယ်။ အခုနောက်ပိုင်းမှာက နယုန် လပြည့်ကျော် ၈ ရက်မှာ လေလံပစ်ခဲ့ပြီး ဒီနှစ် မှာကျတော့ ဒုတိယဝါဆိုလဆန်း ၅ ရက်မှာမှ လေလံပစ်ရတယ်။ လေလံပစ်တာက လုပ်ငန်း ကိုးမျိုးရှိတဲ့အနက် သုံးမျိုးကို ဂေါပကçက ကိုင်တွယ်ဆောင်ရွက်ပြီး ကျန်ခြောက်မျိုးကို လေလံပစ်တယ်။ လေလံ ခြောက်မျိုးမှာ သိန်း ၄၀၀ ကျော် လောက်ပဲရခဲ့တယ်။ မနှစ်ကထက် ၃၀၀ လောက်လျော့နည်းသွားတယ်။ ဆိုင်ခန်း တွေ က အခု စရောင်းတဲ့အချိန်ကနေလာပြီး ဆောက်လို့ရပါပြီ။ ရောင်းချမှုပမာဏက ဆိုင် ခန်းအရေအတွက် ၈၀၀ ကျော် ၉၀၀ နီးပါး ရောင်းသွားမယ်။ ဆိုင်ခန်းအနေနဲ့ မတိုးဘူး။ ပြီးခဲ့တဲ့နှစ်က ပွဲပျက်တဲ့အတွက် နစ်နာမှုတွေ ရှိခဲ့တာကြောင့် ဒီနှစ်မှာ ဆိုင်ခန်းတစ်ခန်းကို ကျပ် ၁၀၀၀၀ ဈေးလျှော့ရောင်းပေးသွားမယ်။ အခုလက်ရှိမှာ ဆိုင်ခန်းအဝယ်အနေနဲ့ အ ပြည့်ပြန်လာတဲ့အပြင်ကို အသစ်တွေလည်း များနေတယ်။ အခုရောင်းချတာ နှစ်ရက်ကို တော်တော်များနေပါပြီ။ ရွှေ့ပြောင်းတဲ့ပုံစံနဲ့ စရောက်လာကြပြီ။ အသစ်တွေတိုးတယ် ဆို ပေမယ့် ဂေါပကအနေနဲ့ အဟောင်းတွေကို ဦးစားပေးရောင်းတာကြောင့် အသစ်တွေကို မရောင်းသေးပါဘူး။ အသစ်တွေက ဝါဆိုလ ပြည့်ကျော် ၇ ရက်အထိ ထွက်နေကျဆိုင်ခန်း ဟောင်းတွေ လာဝယ်ယူမှုမရှိတဲ့ လစ်လပ်နေရာတွေမှာ အသစ်တွေအတွက် ရောင်းချပေး တယ်။ ဒါကနှစ်တိုင်းလုပ်နေကျပါပဲ။ ဒီနှစ်မှာ ၁၀၀၀၀ လျော့ပေးရတဲ့ရည်ရွယ်ချက်ကလည်း  မနှစ်ကပွဲက မမျှော်လင့်ဘဲရပ်စဲမှုဖြစ်ခဲ့တဲ့ အ တွက် ဈေးသည်တွေမှာ အင်မတန်မှ ထိခိုက်မှု တွေရှိခဲ့တာကြောင့် ဒီနှစ်လာရောက်တဲ့အခါ  သက်သာအောင် ဆောင်ရွက်ပေးတာပါ” ဟု တောင်ပြုန်း ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောကြားသည်။

ဘုရားဂေါပကမှ ချထားရောင်းချသည့် ဈေးဆိုင်ခန်း အမျိုးအစားမှာ သုံးမျိုးရှိပြီး မျက်နှာပွင့် ငါးပေအခန်း တစ်ခန်းလျှင် ကျပ်နှစ် သိန်း၊ ကျပ်တစ်သိန်းခွဲနှင့်၊ ကျပ် ၁၂၀၀၀၀ သတ်မှတ်ရောင်းချကာ အများဆုံးမှာ ကရေ ကရာနှင့် ငှက်ပျောပွဲဆိုင်ခန်းများ ဖြစ်ကြောင်း၊  ယခုနှစ်တွင် တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ လျော့ရောင်းချမည် ဖြစ်သောကြောင့် တစ်ခန်း လျှင်၁၉၀၀၀၀ ကျပ်၊ ၁၄၀၀၀၀ ကျပ်နှင့် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်ကာလတွင် ဂေါပက အဖွဲ့က ဆိုင်ခန်းရောင်းချပေးခြင်း အပါအဝင် သက်ဆိုင်ရာနယ်မြေ ဧရိယာအလိုက် နန်းကြီး မိသားစု၊ မီးရထားဘူတာနှင့် ကျန်ကျေးရွာ ကွင်းနေရာများတွင်လည်း ယင်းတို့အစီအ စဉ်များဖြင့် ဆိုင်ခန်းများ၊ နတ်နန်းခန်းများ ချထားခွင့်ပြုလေ့ရှိကြောင်း၊ ဂေါပကအဖွဲ့မှ ကြီးကြပ်ဆိုင်ခန်း ရောင်းချပေးခြင်းမှ နှစ်စဉ်ရရှိငွေ ကျပ်သိန်း ၂၀၀၀ ခန့်ရှိပြီး လက်ရှိတွင် ပွဲတော်အတွက် ဈေးဆိုင်ခန်းများမှာ စတင်ပြောင်းရွှေ့ ဆောက်လုပ်လျက်ရှိပြီဖြစ်ကာ လာမည့်အပတ်တွင် အများအပြား လာရောက်ကြမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

Most Read

Most Recent