ကျောက်တော်မြို့နယ် ချောင်းဒူကျေးရွာအတွင်း အငြင်းပွားမှု ဖြစ်ပေါ်နေသော ရွာဘုံလယ်မြေဟုဆိုသည့် မြေနှင့် ပတ်သက်၍ နှစ်ဖက်အငြင်းပွားပြီး အုပ်စုဖြင့် ခိုက်ရန်ဖြစ်ပွားရာ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ

ကျောက်တော်မြို့နယ် ချောင်းဒူကျေးရွာအတွင်း အငြင်းပွားမှု ဖြစ်ပေါ်နေသော ရွာဘုံလယ်မြေဟုဆိုသည့် မြေနှင့် ပတ်သက်၍ နှစ်ဖက်အငြင်းပွားပြီး အုပ်စုဖြင့် ခိုက်ရန်ဖြစ်ပွားရာ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ
Published 23 July 2018

ချောင်းဒူကျေးရွာအတွင်း အငြင်းပွားမှု ဖြစ်ပေါ်နေသော ရွာဘုံလယ်မြေဟုဆိုသည့် မြေနှင့် ပတ်သက်၍ နှစ်ဖက်အငြင်းပွားမှု ဖြစ်ပွားနေစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းဒူကျေးရွာအတွင်း အငြင်းပွားမှု ဖြစ်ပေါ်နေသော ရွာဘုံလယ်မြေဟုဆိုသည့် လယ်မြေ ၃၉ ဧကနှင့်ပတ်သက်ပြီး ယင်းလယ်မြေများကို နှစ်ဖက်မှ ထွန်ယက်နေသဖြင့် နှစ်ဖက်အငြင်းပွားရာမှ အုပ်စုဖြင့် ခိုက်ရန်ဖြစ်ပွားမှုတစ်ရပ် ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်းနှင့် ရွာသားအချို့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကန်စောက် ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ စခန်းမှူးက “ဟုတ်တယ်။ လယ်မြေအငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ လယ်မြေထဲမှာ ရွာသား ခုနစ်ဦးပါတဲ့ဘက်လည်း ထွန်ယက် စိုက်ပျိုးထားတယ်။ ဒီနေ့တော့ ရွာသားဘက်က ဆင်းပြီးထွန်တော့ အချင်းများကြတယ်ပေါ့။ အဲဒီမှာ ဟိုဘက် အုပ်စု၊ ဒီဘက်အုပ်စု ခိုက်ရန်ဖြစ်ပွားကြပြီး သတ်ပုတ်ကြတယ်ဆိုတော့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ပြဿနာ မကြီးထွားအောင် အတွက် ကျွန်တော်တို့က အထက်ကို တင်ပြပြီး သေနတ်ပစ်ဖောက်တားဆီး လူစုခွဲခဲ့ရတယ်။ အနည်းငယ် ထိခိုက်မှုရှိကြပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

အဆိုပါ လယ်မြေအား ရွာသားခုနစ်ဦး ဘက်ကလည်း ပိုင်ဆိုင်သည်ဟုဆိုကာ ရွာသားများ ကြဲပက်ထားသော စပါးခင်းအပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်သကဲ့သို့ ရွာသားများဘက်ကလည်း သူတို့ပိုင်ဆိုင်သည် ဟုဆိုကာ ထွန်ယက်သည့်မြေပေါ်တွင် ထပ်မံပြီး စပါးများကြဲပက်ရာမှ နှစ်ဖက် ခိုက်ရန် ဖြစ်ပွားသည့်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွာသားများမှ မကြာသေးခင် ရက်ပိုင်းက ရွာသား ၁၀၀ ကျော်မှ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို စစ်တွေတွင် ပြုလုပ်ခဲ့ကြောင်းနှင့် ရွာသားခုနစ်ဦးပါ အဖွဲ့အား တရားစွဲဆိုထားခြင်းများ ရှိခဲ့ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက “အစပိုင်းမှာ ရွာသားတွေထွက်ပြီး စပါးကြဲပက်ထားတယ်။ စပါးပင်တွေ နည်းနည်းရှည်နေတဲ့ အချိန်မှာ ခုနစ်ဦးအဖွဲ့ ပြန်လည်ထွက်ယက်မှုတွေ လုပ်တယ်။ အဲဒီထွန်ယက်မှုတွေ လုပ်တဲ့နေရာမှာ ရွာသားတွေကလည်း ရွာသားပိုင်ဆိုင်တယ်ဆိုပြီး စပါးတွေ ကြဲပက်ကြတော့ နှစ်ဖက်အုပ်စု အချင်းများပြီး သတ်ပုတ်ကြတာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ပြင်းပြင်းတော့ မရခဲ့ကြဘူး။ ရဲက ရောက်လာပြီး သေနတ် အချက် ၂၀ လောက် ပစ်ဖောက်ဟန့်တားပြီး လူစုခွဲလိုက်တဲ့ အတွက်တော့ လူစုကွဲသွားခဲ့တယ်။ ဘာတွေ ဆက်ဖြစ်မလဲတော့ မသိဘူး။ အဲဒီလယ်ကို ရွာသားကလည်း ပိုင်တယ်လို့ ပြောတယ်။ သူတို့မှာ အထောက်အထား ရှိတယ်လို့ ပြောတယ်။ ဟိုဘက်ကလည်း အထောက်အထား ရှိတယ်လို့ ပြောနေတယ်” ဟု ပြောကြားသည်။

အဆိုပါ ရွာဘုံလယ် ဟုဆိုသော လယ်မြေအတွက် တိကျပြတ်သားသော ဖြေရှင်းပေးနိုင်မှု မရှိပါက နှစ်ဖက်အချင်းများကာ ခိုက်ရန်ဖြစ်ပွားမှု မကြာခဏ ဖြစ်ပေါ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

 

Most Read

Most Recent