<

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ သွေးစစ်ချက် အဖြေတွင် HIV ပိုးတွေ့ရှိဟု ဗဟိုအမျိုးသမီးဆေးရုံကြီး သွေးစစ်ဌာန၌ ဆေးစစ်ချက် မှားယွင်းဖော်ပြမှု ဖြစ်ပွား

ဗဟိုအမျိုးသမီးဆေးရုံကြီး သွေးစစ်ဌာနတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ သွေးစစ်ချက်အဖြေ ဖော်ပြရာတွင် HIV ပိုးတွေ့သည်ဟု အဖြေမှား ဖော်ပြမှု ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ကိုယ်ဝန်သုံးလခွဲကျော်ရှိပြီး အသက် (၃၁ နှစ်) အရွယ်ရှိသည့် အမျိုးသမီး တစ်ဦးဖြစ်ကာ ယင်းဆေးရုံကြီးတွင် ကလေးမီးဖွားရန်အတွက် ကိုယ်ဝန် အပ်နှံထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းဆေးရုံကြီးတွင် ယခုလ ၃ ရက်မှ စတင်ကာ ကိုယ်ဝန်အပ်နှံထားခြင်းဖြစ်ပြီး ၁၀ ရက်တွင် ထွက်ရှိသည့် သွေးစစ်ချက် အဖြေတွင် HIV Positive ရှိသည်ဟု အဖြေမှား ထွက်ရှိခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ မအိအိကျော်က ပြောကြားသည်။

“အစ်မ ကိုယ်ဝန်အပ်တာက ဒီလ ၃ ရက်နေ့က စအပ်တယ်။ အပ်တဲ့နေ့မှာပဲ သွေးစစ်တယ်။ အဆင့်ဆင့် လုပ်ရတယ်ပေါ့။ ပြီးတော့ တစ်ပတ်ပြန်ချိန်းတယ်။ တစ်ပတ်ပြည့်တဲ့နေ့ ပြန်သွားတော့ သူတို့သွေးအဖြေကို မနက် ၉ နာရီလောက်မှာ ထုတ်ပေးတယ်။ ပြီးတော့ သွေးအားနည်း မနည်း၊ သွေးအမျိုးအစား ဒါတွေကို သူတို့ပြောပြပေးတယ်။ တစ်ယောက်ချင်းစီခေါ်ပြီး အစ်မအလှည့်ရောက်တော့ တာဝန်ကျဆရာမက သမီးမှာ HIV ရှိနေတယ်ဆိုပြီး ပြောတယ်။ ပြောပြီး ဘာမှအားမငယ်နဲ့ ဒီလိုဆေးက သောက်ရင် လူတိုင်း သက်တမ်းစေ့ နေလို့ရတယ်ဆိုပြီး ပြောလာတယ်။ အစ်မအမျိုးသားရဲ့ အလုပ်တွေကိုမေးတယ်။ အစ်မကလည်း အကုန်ပြောပြတယ်။ အဲဒီကျတော့ အမျိုးသားကို သွေးစစ်ခိုင်းလိုက်ပါဆိုပြီး ပြောလာတယ်။ သမီးမှာ ရှိနေတဲ့အတွက် သူ့ကိုပါ စစ်ခိုင်းလိုက်ပါ ဆိုပြီးပြောတယ်။ အစ်မတို့ မိသားစုတွေမှာ ဒါမျိုးမရှိဘူးလို့ပြောတော့ သူတို့က လက်မခံချင်ဘူး” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ပြောဆိုပြီးနောက် တာဝန်ကျဆရာမက ဆရာဝန်ကြီးနှင့် ပေးတွေ့ကြောင်း၊ ဆရာဝန်ကြီးကလည်း ဆေးစစ်ချက်အဖြေများကို ကြည့်ရှုကာ HIV ဆေး ထုတ်ယူရမည့် ရက်များကို ပြောလာကြောင်း ၎င်းက ပြောကြားသည်။

“အစ်မကလည်း ထပ်စစ်မယ်ဆိုပြီး အဖြေထွက်တဲ့နေ့ ၁၀ ရက်နေ့မှာပဲ နီနီဆေးခန်းကိုသွားပြီး ပိုးရှိ မရှိ ချက်ချင်းသွားစစ်တယ်။ ဒီပိုး မရှိဘူးဆိုပြီး အဖြေထွက်လာတယ်။ ဒါနဲ့ တာဝန်ကျဆရာမကို စစ်ထားတဲ့ စာရွက်ကို Viber ကနေ လှမ်းပို့ပေးလိုက်တော့ ‘မရှိဘူး။ ၀မ်းသာစရာပဲ’ လို့ပြောတယ်။ ပြီးတော့ ပိုပြီးသေချာအောင် အမျိုးသားဓာတ်ခွဲဌာနကို ထပ်စစ်ခိုင်းတယ်။ စစ်လိုက်တယ်။ ဒီပိုးမရှိဘူးဆိုပြီး အဖြေက ထွက်လာတယ်။ နောက် အစ်မအမျိုးသားက နယ်ရောက်နေတဲ့အတွက် နယ်မှာပဲ စစ်ခိုင်းလိုက်တော့ ဒီပိုး သူ့မှာလည်း လုံးဝမရှိဘူးဆိုပြီး အဖြေထွက်လာတယ်” ဟု မအိအိကျော်က ပြောကြားသည်။

သွေးစစ်ချက်အဖြေ ရယူသည့်နေ့တွင်ပင် ဆေးစာရွက်များထဲတွင် နာမည်မတူ၊ အသက်မတူ၊ ကုတ်နံပါတ်တူသည့် စာရွက် တစ်ရွက်လည်း ပါရှိလာကြောင်း ၎င်းကပြောကြားသည်။

အဆိုပါ စာရွက်ကိစ္စနှင့် ပတ်သက်၍ ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်ပြုံးကြည်အား မေးမြန်းရာတွင် အခြားကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဆေးစာရွက်ဖြစ်ပြီး ကုတ်နံပါတ်မှာ တာဝန်ကျ ဆရာမမှ လက်ရေးသော့ပြီး ရေးထားသဖြင့် ဆင်တူယိုးမှား ဖြစ်သွားခဲ့ကြောင်း ရှင်းပြသည်။

ဆေးစစ်ချက်အဖြေ မှားယွင်းမှုနှင့် ပတ်သက်၍ တာဝန်ရှိဆရာဝန်က “စစ်တဲ့အခါမှာ စစ်ဆေးမှုကို သုံးကြိမ်လုပ်ရတယ်။ အဲဒီလို သုံးကြိမ်လုပ်တဲ့ အခါမှာလည်း အဖြေက HIV Positive ဆိုပြီးထွက်နေတယ်။ ဒါပေမဲ့ ဆီးစစ်တာတို့၊ သွေးစစ်တာတို့ကို မိနစ် ၂၀ အတွင်း ဖတ်ရတာပေါ့။ ဆရာမတို့ သုံးသပ်တာကတော့ မိနစ် ၂၀ များ ကျော်သွားလို့လား ဆိုပြီးပေါ့။ ပြီးတော့ လူတစ်ယောက်က သွေးမစစ်ခင်မှာ တုပ်ကွေးမိပြီး ဖျားတာတို့၊ အသည်းရောင် အသားဝါ ဖြစ်တာတို့ ဖြစ်ထားရင်လည်း ဒီပိုးပေါ်လာတတ်တယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါဆေးရုံတွင် ယင်းကဲ့သို့ ဖြစ်စဉ်မျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူများ သိရှိရန်အတွက် ဖြေရှင်းပေးရန် ဇူလိုင် ၂၀ ရက်က ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီးအား တောင်းဆိုခဲ့ကြောင်း၊ တောင်းဆိုမှုနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီးဘက်က  ဇူလိုင် ၂၂ ရက်က တွေ့ဆုံဖြေရှင်း ပေးခဲ့ကြောင်း သိရသည်။

“၂၂ ရက်က ဆေးရုံဘက်ကတော့ ဖြေရှင်းပေးပါတယ်။ ဒါပေမဲ့ အများပြည်သူသိအောင် ချပြချင်တယ်။ အများပြည်သူ သိအောင်လည်း ဒီကိစ္စကို ချပြသွားမယ်” ဟု မအိအိကျော်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်ပြုံးကြည်အား ဆက်သွယ်မေးမြန်းရာတွင် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ဆိုသည်။

July 22, 2018














Copy Protected by Chetan's WP-Copyprotect.