အင်းဝမြို့ဟောင်းအတွင်းရှိ ကျေးရွာများ ရေဝင်နစ်မြုပ်မှု မဖြစ်စေရေး ကိုယ့်အားကိုယ်ကိုး ရေကာတာ တည်ဆောက်

အင်းဝမြို့ဟောင်းအတွင်းရှိ ကျေးရွာများ ရေဝင်နစ်မြုပ်မှု မဖြစ်စေရေး ကိုယ့်အားကိုယ်ကိုး ရေကာတာ တည်ဆောက်
Published 22 July 2018

အင်းဝမြို့ဟောင်းအတွင်းရှိ ကျေးရွာများ ရေဝင်နစ်မြုပ်မှု မဖြစ်စေရေး ကိုယ့်အားကိုယ်ကိုး ရေကာတာများ တည်ဆောက်နေသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းအတွင်းရှိ ကျေးရွာများရေဝင်နစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် ကိုယ့်အားကိုယ်ကိုး ရေကာတာ တည်ဆောက်ခြင်းနေကြောင်း သိရသည်။

အင်းဝမြို့ဟောင်း တတိယမြို့ရိုး (အပြင်မြို့ရိုး) အတွင်းရှိ ဟံသာဝတီကျေးရွာအုပ်စု ပြင်စီတန်းကျေးရွာ၊ ရပ်တန်းကျေးရွာ၊ ကိုင်းမားကျေးရွာများသည် အနိမ့်ပိုင်းဒေသများ ဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေ၊ ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာချိန်တွင် ရေဝင်နစ်မြုပ်မှုဒဏ်ကို အခြားကျေးရွာများနှင့်မတူ အချိန်ကြာမြင့်စွာ ခံစားနေရသည်အတွက် ယခုအခါတွင် ရေနစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် ကိုယ့်အားကိုယ်ကိုး ရေကာတာများ တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

“မိုးတွင်းကာလ ဧရာဝတီမြစ်ရေ၊ ဒုဋ္ဌဝတီမြစ်ရေ တက်လာတဲ့ အချိန်မှာ အင်းဝမြို့ဟောင်းအတွင်းမှာရှိတဲ့ ရပ်ကွက်တွေ မြစ်ရေဝင်ရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်တာပါ။ မြို့နယ် သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့မှလည်း ပံ့ပိုးမှု ရှိပါတယ်။ ကျေးရွာအတွင်းမှာရှိတဲ့ တစ်အိမ် ငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ ထည့်ဝင်လှူပြီးတော့မှ ကျန်တဲ့ အလှူရှင်တွေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာပါ။ ဒီလိုမလုပ်လို့ရင် နှစ်စဉ် နှစ်တိုင်း သဲအိတ်ရိုက် လုပ်ရတယ်။ ဒီတစ်နှစ်ပြီး ပျက်စီးသွားတယ်။
နောက်တစ်နှစ် ပြန်လုပ်ရတယ်။ ဒီလိုလုပ်ရတာပါ” ဟု ဟံသာဝတီ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရဲနိုင်စိုးက ပြောကြားသည်။

အဆိုပါ ရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရပ်တန်းကျေးရွာမှ တစ်အိမ်လျှင် ကျပ် ၁၀၀၀၀၊ ပြင်စီတန်းကျေးရွာ ကိုင်းမားကျေးရွာများတွင် တစ်အိမ်လျှင် ကျပ် ၅၀၀၀ ကောက်ခံခဲ့ပြီး ပြင်ပစေတနာရှင် အလှူရှင်များ ထည့်ဝင် လှူဒါန်းငွေဖြင့် ဇွန်လအတွင်းက စတင်ဆောင်ရွက်နေကြောင်း၊ စုစုပေါင်းအနေဖြင့် ကျပ်သိန်း ၃၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီကျေးရွာအုပ်စုအတွင်းရှိ ပြင်စီတန်းကျေးရွာ၊ ရပ်တန်းကျေးရွာ၊ ကိုင်းမားကျေးရွာများတွင် အိမ်ခြေစုစုပေါင်း ၃၀၀ ခန့်ရှိကြောင်း၊ ရေကာတာ တည်ဆောက်ခြင်းကို ရပ်တန်ကျေးရွာ ညောင်သုံးပင်ပေါက်တွင် ပေ ၁၄၀ အမြင့် လေးပေကျော်ရှိ ရေကာတာနှင့် ကိုင်းမာပေါက်တွင် ပေ ၁၅၀ အမြင့်ပေ သုံးပေကျော် ရေကာတာများကို တည်ဆောက်နေကြောင်းနှင့် တတိယမြို့ရိုးတွင် ကျိုးပေါက်နေသော နေရာများမှ ရေများဝင်ရောက်မှု မရှိစေရန် သဲအိတ်များ နေရာချထားကြောင်း သိရပြီး ၂၀၁၄ ခုနှစ်တွင် အဆိုပါ ရပ်ကွက်များသို့ မြစ်ရေ ၁၁ ပေအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent