တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၈၆၀ ကျော်ကို ပြည်သူများအတွက် ၃၅ ရာခိုင်နှုန်း၊ နိုင်ငံ့ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် ၂၅ ရာခိုင်နှုန်းစီနှင့် အငြိမ်းစားဝန်ထမ်းများအတွက်၁၅ ရာခိုင်နှုန်းဖြင့် မဲနှိုက်ရောင်းချမည်

တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၈၆၀ ကျော်ကို ပြည်သူများအတွက် ၃၅ ရာခိုင်နှုန်း၊ နိုင်ငံ့ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် ၂၅ ရာခိုင်နှုန်းစီနှင့် အငြိမ်းစားဝန်ထမ်းများအတွက်၁၅ ရာခိုင်နှုန်းဖြင့် မဲနှိုက်ရောင်းချမည်
Published 22 July 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးသင့်အိမ်ရာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တန်ဖိုးနည်းနှင့်တန်ဖိုးသင့်တိုက်ခန်း  ၈၆၀ ကျော်ကို ရောင်းချပေးတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ၃၅ ရာခိုင် နှုန်း၊ နိုင်ငံ့ဝန်ထမ်းနှင့်ကုမ္ပဏီဝန်ထမ်းများအတွက် ၂၅ ရာခိုင်နှုန်းစီနှင့် အငြိမ်းစားဝန် ထမ်းများအတွက် ၁၅ ရာခိုင်နှုန်းဖြင့် မဲနှိုက် ရောင်းချပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီမှ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြည်သူ့အိမ်ရာများရောင်းချရေး ကြီးကြပ်မှု ကော်မတီကနေ တိုက်ခန်းတွေရောင်းဖို့ဆိုပြီး ပြည်သူတွေကို ကြော်ငြာတယ်။ ကြော်ငြာတဲ့အခါ ခရိုင်လေးခရိုင်ကနေ လျှောက်လွှာတွေ တင်ပြပါတယ်။ စိစစ်တဲ့အခါ လျှောက်လွှာ ၆၀၂၇ စောင်ရှိခဲ့ပါတယ်။ ဒါကို အရင်ဆုံး တန်းစီဇယားပေါ့၊ ၆၀၂၇ ကို အားလုံးတန်းစီ၊ ၁ ကနေ ၆၀၂၇ အထိ တန်းစီတယ်။ အဲလို တန်းစီတဲ့အခါ  တန်းစီဇယားကို မဲနှိုက်ပါတယ်။ အခန်း မဲနှိုက်တာမဟုတ်ပါဘူး။ တန်းစီဇယားမဲနှိုက်တာသည် ပြည်သူတွေကို ခေါ်မယ်ဆိုရင်  ၆၀၂၇ ဦးစလုံးခေါ်မယ်ဆိုရင် နေရာ အခက်အခဲရှိပါတယ်။ ဒီလူတွေကို အားလုံးခေါ်မယ်ဆိုရင်လည်း အချိန်ကန့်သတ်ချက်ရှိတယ်။ အဲဒါကြောင့် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မဲနှိုက်တာကို မဲပုံလေးတွေလုပ်ပြီး မဲ နှိုက်တယ်၊ ကြီးကြပ်ရေးအဖွဲ့တွေ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့မဲနှိုက်ပါတယ်” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။

ပြည်သူ့အရောင်းအိမ်ရာ ဝယ်ယူခွင့် တန်းစီဇယားသည်  လူမှုရေးအုပ်စု (ပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ အငြိမ်းစား)၊ ဝင်ငွေအုပ်စု (ပထမအုပ်စု ငါးသိန်းနှင့် အောက်၊ ဒုတိယအုပ်စု ငါးသိန်းအထက်)ဖြင့် ခွဲခြားဖော်ပြထားကြောင်း သိရသည်။

ထုတ်ပြန်ထားသည့် ဇယားများတွင် အရောင်ဖြင့် ဖော်ပြထားသောလျှောက်ထားသူများသည် ပထမအသုတ်ဝယ်ယူခွင့်ရရှိသူများဖြစ်ကြောင်း၊ ကျန်ရှိသော တန်းစီဇယားပါ လျှောက်ထားသူများကို နောင်တွင် ထပ်မံ ထုတ်လုပ်မည့် တိုက်ခန်းများအား တန်းစီဇယားအတိုင်း ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

တန်းစီဇယားအရ ပထမအသုတ်ဝယ်ယူခွင့်ရရှိသူများသည် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် အတူ ဇူလိုင် ၁၁ ရက်မှ စတင်ပြီး ၂၀ ရက် နောက်ဆုံးထား၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ လာရောက်၍ မိမိဝယ်ယူလိုသော တိုက်ခန်းနှင့် ပတ်သက်သောအချက်အလက်များကို အတည်ပြုဖြည့်စွက်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။

အဆိုပါအချက်အလက်များ စိစစ်အတည်ပြုပြီးဖြစ်၍ ပထမအသုတ်ဝယ်ယူခွင့် ရရှိသူများသည် တိုက်ခန်းနေရာမဲနှိုက်ခြင်းကို ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်များတွင်  မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး) ဒုတိယထပ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သတင်းမီဒီယာများ တက်ရောက်သတင်းရယူ နိုင်ကြောင်း ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်က ပြောကြားသည်။

အခန်းနေရာများ မဲနှိုက်ရောင်းချရာ တွင် ဇူလိုင် ၂၅ ရက် မနက်ပိုင်းတွင် ဝင်ငွေ ငါးသိန်းအထက် ဝယ်ယူခွင့်ရရှိသူ ၁၆၁ ဦး၊  ဝင်ငွေငါးသိန်းအောက် ရွှေပေါက်ကံအိမ်ရာ ဝယ်ယူခွင့်ရရှိသူ ၅၆ ဦးကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဝင်ငွေငါးသိန်းအောက် ရွှေ လင်ပန်း တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ရရှိ သူ ၁၄၈ ဦးအား မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်၂၆ ရက်မနက်ပိုင်းတွင် ဝင်ငွေ ငါးသိန်းအောက် ယုဇနတန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့် ရရှိသူ၂၉၁ ဦး၊ နေ့လယ်ပိုင်းတွင် ဝင်ငွေငါးသိန်းအောက် ကနောင်တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်ရရှိသူ ၂၀၈ ဦးကိုလည်းကောင်း အသီးသီးမဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent