ကယားပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားခဲ့သည့်စကားများနှင့်ပတ်သက်၍ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ ကြေညာချက်ထုတ်ပြန်

ကယားပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားခဲ့သည့်စကားများနှင့်ပတ်သက်၍ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ ကြေညာချက်ထုတ်ပြန်
Published 22 July 2018

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ပတ်သက်၍ ကယားပြည်နယ် အစိုးရဝန်ကြီးရုံးတွင် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်ထုကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သော ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို၏ ပြောစကားများအပေါ် ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ သဘောထားကြေညာချက်တစ်စောင်ကို ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက “... သမိုင်းကို ပြင်ဖို့ ဗိုလ်ချုပ်ကြေးရုပ် ထားခြင်းဖြစ်တယ်။ လုံးလုံးလျားလျားလက်ခံပါ။ ...” ၊ “...စည်းရုံး ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေရှိရင်၊ မငြိမ်မသက်မှု တွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို တာဝန်ပေးသွားမှာဖြစ်တယ်...”၊ “... ပြောတဲ့ကြားထဲမှ ဖြစ်လာခဲ့ရင် ရဲတပ်ဖွဲ့အင်အားက နည်းနည်းလေးပဲ။ တပ်ကို လိုလို့ရှိရင် သူ့ကိုထိန်းခိုင်းဖို့ ကျွန်တော် သူ့ကို အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့် ရဲ့ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်...” ဟူသော စကားများကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝန်ကြီးချုပ်၏ ပြောစကားများနှင့် ပတ်သက်၍ တွေ့ဆုံပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက “အဓိက,ကလူငယ်တွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကို ဖြေလျှော့နိုင်ဖို့အတွက်ကို ညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်တယ်။ အစည်း အဝေးမှာပဲ ကျွန်တော်တို့ ပြောကြဆိုကြတယ်။ ဝန်ကြီးချုပ်က အဖွင့်ပြောပြီးနောက် အမှာက နယ်လုံကနေ ဒုတိယစကားပြောတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ်က ဒီတင်းမာမှုတွေ ဆက်ဖြစ်ဦးမယ် ကျွန်တော်တို့ လူငယ်တွေဘက်ကနေပြီးမှ အလျှော့မပေးဘူး ဆိုရင်တော့ ဒါ စစ်တပ်ကို တာဝန်ပေးခိုင်းမှ ရမယ်။ စစ်တပ်က ဒီပေါ်မှာ တာဝန်ယူပြီးမှ ဖြေရှင်းဖို့ပေါ့။ ဒါ သူလိုလားတယ်ပေါ့။ ပထမဆုံးတစ်ချက် သူက ပြောခဲ့တယ်။ အဲဒီလို ဆက်ပြောပြီးတော့မှ ကျွန်တော်တို့လည်း ထောက်ပြတယ်။ စစ်တပ်ကို ဒီလို အခက်အခဲ ကြားမှာပေါ့။ ကျွန်တော်တို့က ဒီမိုကရေစီ တည်ဆောက်နေတဲ့ အချိန်မျိုးမှာ သူက စစ်တပ်နဲ့ပတ်သက်ပြီးမှ ကျွန်တော်တို့ ညှိနှိုင်း အဖြေရှာလို့ရနိုင်တဲ့ နည်းလမ်းကို ရှာသင့်တယ်လို့ ထပ်ပြီးမှ ပြောတဲ့အချိန်မှာပဲ ဒုတိယအနေနဲ့ ဝန်ကြီးချုပ်က တစ်ခါ စစ်တပ်ကို သူက ထပ်ပြီးမှ အမိန့်ပေးလို့ရတယ်။ ဒါခိုင်းတာ မဟုတ်ဘူးပေါ့။ ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ အမိန့်ပေးလို့ရတယ် ဆိုပြီးတော့မှ ထပ်လောင်းပြီးမှ ပြောတယ်။ ၁၆ ရက်နေ့ အစည်းအဝေးမှာပဲ အဲဒီစကားနှစ်ခွန်းပေါ့နော်။ စစ်တပ်နဲ့ပတ်သက်တဲ့ တာဝန်ပေးဖို့၊ အမိန့်ပေးဖို့ ဒီလိုဆန္ဒပြမှုတွေ ထိန်းသိမ်းနိုင်ဖို့ ဒီဟာကို ဆက်လုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုခေါ်ခိုင်းဖို့ ဝန်ကြီးချုပ်ကနေပြီးတော့ မှ ခိုင်ခိုင်မာမာပြောခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တုန်လှုပ်မိတယ်။ ပထမဆုံးက ကျွန်တော်က သူ့ကို ဝန်ကြီးချုပ်ရေ ဒီလိုတော့ မပြောသင့်ဘူးထင်တယ်ပေါ့နော်။ ဒါကို သူက ဒုတိယအကြိမ်ထပ်ပြီးမှ အမိန့်ပေးလို့ရတယ်လို့ ထပ်ပြောတယ်လေ။ ဒီလိုက ကျွန်တော်တို့ စိုးရိမ်သွားတာပေါ့နော်။ ဝန်ကြီးချုပ် ဒီလို ပြောတဲ့အပေါ် အင်မတန်မှ ကြားခဲတယ်။ ချောက်ချားမိတယ်။ အစိုးရတစ်ရပ်အနေနဲ့ စစ်တပ်ကို ပြန်ခေါ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်ဘူး။ အစိုးရဘက်က ဒါကိုအတင်းအကျပ်မလုပ်ဘူး၊ အတင်းအကျပ် ဖမ်းဆီးမှုတွေ မလုပ်ဘူးဆို လူငယ်တွေဘက်ကလည်း အများကြီး ညှိနှိုင်းဖို့ဆန္ဒရှိပါတယ်” ဟု ပြောကြားသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ ပြည်နယ် အစိုးရ အတွင်းရေးမှူးတို့အပြင် ဒေသခံတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားပါတီများနှင့် ကရင်နီအင်အားစု လူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ပြောကြားခဲ့သည့် စကားများနှင့်ပတ်သက်၍ ခြိမ်းခြောက်သည့် သဘောမျိုးခံစားရကြောင်း ကရင်နီ လူငယ် ခွန်းဂျွန်ပေါက ပြောကြားသည်။

“ကိုယ့်ရဲ့ရပ်တည်ချက်ကို တင်ပြတာ။ ရပ်တည်ချက် တင်ပြလိုက်တော့ သူက လက်မခံဘူး။ သူပြောတဲ့စကား ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော်တို့ လူငယ်ကို ခြိမ်း ခြောက်သလိုပဲ။ သူ့ကို ပြောလိုက်တယ်။ ကျွန်တော် ခြိမ်းခြောက်တာ မဟုတ်ဘူး။ ကျွန်တော် အမိန့်ပေးတာပါ။ ဒီစစ်တပ်ကို အမိန့် ပေးတာပါ။ သူအဲဒီလိုမျိုး ပြောလာတယ်လေ။ ဒါက ဒီလိုမျိုးပဲ ပြည်သူလူထုအချင်းချင်း စိတ်ဝမ်းကွဲပြီးမှ အပြန်အလှန် တိုက်ခိုက်၊ အပြန်အလှန်စကားများ၊ အချင်းချင်းမတည့်၊ မငြိမ်မသက်ဖြစ်ရင် ဝန်ကြီးချုပ်က သမိုင်းတရားခံပဲ။ သူ့ကိုတော့ အဲဒီလိုမျိုး ပြောထားတယ်” ဟု ခွန်းဂျွန်ပေါက ဆိုသည်။

ထိုသို့ ဝန်ကြီးချုပ် ပြောကြားခဲ့သည့် စကားများသည် သမိုင်းကြောင်းတစ်လျှောက် ပဒေသရာဇ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှုများတွင် အဆင့်ဆင့် တိုက်ပွဲဝင် ကြိုးပမ်းခဲ့သည့် အဖိနှိပ်ခံ ပြည်သူလူထုကြီး တစ်ရပ်လုံးကို အနှစ်သာရကင်းမဲ့စွာ ခြိမ်းခြောက် စော်ကားလိုက်ခြင်းဖြစ်ကြောင်း ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးချုပ်၏ တစ်ဖက်လုပ်ရပ်များနှင့် ဥပါယ်တံမျဉ် ပြောစကားများကို ကယားပြည်နယ်ကျောင်းသားများသမဂ္ဂမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဝန်ကြီးချုပ်အနေဖြင့် ပြည်သူလူထုအား တောင်းပန်ရန်နှင့် တာဝန်မှ နုတ်ထွက်ပေးရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ခွန်ရဲမင်းကျော်က “ကျွန်တော်ကတော့ ဘာမှ မပြောချင်ပါဘူး ထုတ်ပြန်ချက်ထဲက အတိုင်းပါပဲ” ဟု ဆိုသည်။

 

 

Most Read

Most Recent