သံလွင်မြစ်၊ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးကပ်နေသဖြင့် မြစ်အနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများ သတိထားရန်လို

သံလွင်မြစ်၊ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးကပ်နေသဖြင့် မြစ်အနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများ သတိထားရန်လို
Published 22 July 2018

သံလွင်မြစ်၊ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးကပ်နေသဖြင့် မြစ်အနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများ အနေဖြင့် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယင်းအပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဘားအံမြို့၊ ဇလွန်မြို့နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်ကြသူများ အနေဖြင့် သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

“မနေ့က ပဲခူးမြို့ပေါ်က ရပ်ကွက်အချို့ ရေနစ်မြုပ်တာက ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်က ၈၈၀ စင်တီမီတာ ဖြစ်တယ်။ အရင်တုန်းကတော့ ၉၁၀ သတ်မှတ်ထားတာ။ လူနေရပ်ကွက်တွေက တိုးချဲ့လာတဲ့အတွက် မြစ်နဲ့နီးတဲ့ အနိမ့်ပိုင်း နေရာတွေကို တိုးချဲ့နေလာတဲ့အတွက် တချို့နေရာတွေမှာ ၈၄၀ စင်တီမီတာ၊ ၈၅၀ စင်တီမီတာလောက်ဆိုရင် ရေဝင်တဲ့ အနေအထား တွေ့နေရတယ်။ နောက်တစ်ခုကတော့ မိုးကလည်း ကောင်းတဲ့ အနေအထား နှစ်ခုပေါင်းပြီး ပဲခူးမြို့ ရပ်ကွက်အချို့မှာ ရေနစ်မြုပ်တာတွေဖြစ်တာ” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် မြစ်ရေအခြေအနေနှင့် ပတ်သက်၍ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ရောက်ရှိရန် လိုသေးကြောင်း၊ တိုးမြစ်ရေသည်လည်း မအူပြင်မြို့တွင် စိုးရိမ်ရေမှတ်ရောက်ရန် နီးကပ်နေသော်လည်း ဒီရေအတက်အကျ မြန်ဆန်သည့်အတွက် စိုးရိမ်ရေမှတ်အား ထုတ်ပြန်ရန် ခက်ခဲကြောင်း၊ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ၁၀ စင်တီမီတာခန့် မြင့်တက်လာကြောင်း၊ နောက်နှစ်ရက် သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ဟင်္သာတမြို့၏ အထက်စခန်းများဖြစ်သည့် မကွေး၊ မင်းဘူး တို့တွင်လည်း မြစ်ရေအနည်းငယ် တက်နေသည့်အတွက် နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့များတွင် စိုးရိမ်ရေမှတ်ရောက်ရန် တစ်ပေဝန်းကျင်ခန့်သာ လိုကြောင်း၊ သို့သော် မြစ်ရေမြင့်တက်မှုနှုန်းသည် နှေးနေသဖြင့် နောက်လေး၊ ငါး၊ ၁၀ ရက်ခန့်မှသာ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

 

Most Read

Most Recent