ကံမမြို့နယ် ကျေးရွာအချို့ရှိ သမဝါယမ အသင်းစုဝင်များအား အသင်းဝင်အဖြစ်မှ နုတ်ထွက်ခွင့် မပြုခြင်းနှင့် နုတ်ထွက်ပါကလည်း စုကြေးငွေ ပြန်လည်မထုတ်ပေးခြင်းများ ကြုံတွေ့နေရ

ကံမမြို့နယ် ကျေးရွာအချို့ရှိ သမဝါယမ အသင်းစုဝင်များအား အသင်းဝင်အဖြစ်မှ နုတ်ထွက်ခွင့် မပြုခြင်းနှင့် နုတ်ထွက်ပါကလည်း စုကြေးငွေ ပြန်လည်မထုတ်ပေးခြင်းများ ကြုံတွေ့နေရ
Published 22 July 2018

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကျေးရွာအချို့ရှိ သမဝါယမ အသင်းစုဝင်များအား အသင်းဝင်အဖြစ်က နုတ်ထွက်ခွင့် မပြုခြင်းများနှင့် နုတ်ထွက်ပါကလည်း စုကြေးငွေများ ပြန်လည် မထုတ်ပေးခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်း ငွေချေးပေးခြင်း လုပ်ငန်းများကို သမဝါယမ ဦးစီးဌာနက ပြုလုပ်ပေးလျက်ရှိပြီး အသင်းဝင်များ အနေဖြင့် မိမိတို့ ဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြကာ ဆန္ဒအလျောက် ပြန်ထွက်ရာတွင် အသင်းဖွဲ့စုမှူးအချို့က ထွက်ခွင့်မပေးခြင်းနှင့် စုကြေးငွေများ ပြန်လည် ထုတ်မပေးခြင်းများရှိကြောင်း အသင်းသားများက ပြောကြားသည်။

“မြို့နယ်ကနေ ရပ်ကျေးအဖွဲ့ကို ထုတ်ချေးတဲ့အခါမှာ ပြည်သူကို ဘယ်နှရက်အတွင်းမှာ ထုတ်ချေးပေးရမယ်ဆိုတာ ရှိသလား။ ကျွန်တော့်ဘက်မှာတော့ ကိုယ့်အလှည့်ရောက်ရင် မပြေလည်သေးလို့ နေပါဦးဗျာနဲ့ ခြောက်လတော့ ဆပ်လိုက်ရတယ်။ တကယ်သုံးတာက လေးလပဲ သုံးရတယ်။ အဲဒါမျိုးကတော့ မဖြစ်သင့်ဘူး။ နောက်ပြီး စာရွက်စာတမ်းကြေးဆိုပြီး ကောက်တယ်။ ထွက်မယ်ဆိုတော့ စုကြေးငွေတွေကို ထုတ်မပေးဘူး ပြောတယ်။ တချို့တွေက ထွက်ခွင့်မပေးဘူး ဖြစ်နေတယ်။ ဒါက မြို့နယ်အဆင့်ဦးစီးက လုပ်နေတာလား၊ အစုအဖွဲ့မှူးတွေက လုပ်နေတာလားဆိုတာ ကျွန်တော်တို့ သိချင်တယ်” ဟု အသင်းသားတစ်ဦးက ပြောကြားသည်။

အသင်းသားများအနေဖြင့် အဆင်မပြေမှုများကို လွှတ်တော်ကိုယ်စားလှယ်ထံ တိုင်ကြားထားပြီး ဇူလိုင်လက ပြုလုပ်သည့် ပဇင်းနိမ့်ကျေးရွာ လူထုစကားဝိုင်းတွင်လည်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါ ချေးငွေများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်ချေးပေးခြင်းဖြစ်ပြီး သမဝါယမ ဦးစီးဌာနက စီမံခန့်ခွဲကာ ကျေးရွာများတွင် အသင်းအဖွဲ့များ စုဖွဲ့၍ ချေးပေးခြင်းဖြစ်ပြီး စာရွက်စာတမ်းကြေး ကောက်ခံခြင်း မရှိကြောင်း၊ အသင်းဝင်များ နုတ်ထွက်ရာတွင်လည်း အဆင့်ဆင့် တင်ပြရသည့်အတွက် ချက်ချင်းထွက်ခွင့်ပြုရန် ခက်ခဲကြောင်း၊ စုကြေးငွေများကို ဇူလိုင်လ အကုန်တွင် ထုတ်ပေးရန် ညွှန်ကြားထားပြီး ဝန်ထမ်းမလုံလောက်မှုနှင့် ဆုပေးဒဏ်ပေး စနစ်များကြောင့် ချက်ချင်းထုတ်ပေးရန် ခက်ခဲနေကြောင်း၊ ကံမမြို့နယ် အတွင်း အသင်းအစုဖွဲ့ပေါင်း ၁၉၄ သင်း၊ အသင်းဝင်၂၀၀၀၀ ကျော်အား ကျပ်သိန်းပေါင်း ၁၈၉၆၃ သိန်း ထုတ်ချေးပေးထားကြောင်း ကံမမြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုမင်းက ပြောကြားသည်။

 

Most Read

Most Recent