ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက်ပျမ်းမျှတန်ချိန် ၂၅၀၀ အထိ ထွက်နေပြီး ယခင်နှစ်ထက် ပိုများလာ

ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက်ပျမ်းမျှတန်ချိန် ၂၅၀၀ အထိ ထွက်နေပြီး ယခင်နှစ်ထက် ပိုများလာ
Published 22 July 2018

ရန်ကုန်မြို့တွင်း ထားရှိသည့် အမှိုက်အိတ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက်ပျမ်းမျှ တန်ချိန် ၂၅၀၀ အထိ ထွက်နေပြီး ယခင်နှစ်ထက် ပိုများလာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစား မိုးလုံလေလုံခန်းမ၌ ပြုလုပ်သော အမှိုက်လျော့ချရေးနှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေး အသိပညာပေး ဟောပြောပွဲတွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက နေ့စဉ်သိမ်းဆည်းနေရတဲ့ အမှိုက်တွေ အားလုံးဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် တန် ၂၅၀၀ လောက် ရှိပါတယ်။ ပျမ်းမျှအားဖြင့်လို့ ပြောရတာ ဘာလဲဆိုတော့ အမှိုက်ရဲ့ သဘာဝက ပစ္စည်းရဲ့ သိပ်သည်းဆ ပူပြင်းခြောက်သွေ့ရင် ပေါ့ပါးတယ်။ စိုစွတ်ရင် လေးလံတယ်။ အဲဒီတော့ ပူပြင်းတဲ့ရာသီတွေမှာ အမှိုက်တွေက တန် ၂၂၀၀ ကနေ တန် ၂၄၀၀ လောက်အထိ ထွက်ပါတယ်။ အခုလို စိုစွတ်တဲ့ ကာလမှာ တန် ၂၆၀၀ ကနေ ၂၇၀၀၊ ၂၇၅၀ လောက်အထိထွက်တယ်။ အဲဒီတော့ ပျမ်းမျှတွက်ကြည့်လိုက်ရင် အမှိုက်ဟာ တစ်နေ့ကို တန် ၂၅၀၀ လောက်အထိရှိတယ်” ဟု ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ အရေအတွက်သည် ယခင်နှစ်များက နေ့စဉ်ထွက်သော ပျမ်းမျှအမှိုက်တန်ချိန် ၂၀၀၀ ထက် များပြားလျက်ရှိသည်။ လူတစ်ယောက်လျှင် တစ်ရက်လျှင် အမှိုက် သုည ဒသမ ၄၁၃ ကီလိုဂရမ် ထွက်ရှိကြောင်း သိရသည်။

အမှိုက်များမှာ ထွက်သင့်သည်ထက် ပိုမိုထွက်နေသည့်အတွက် နောက်ဆုံးစွန့်ပစ်သည့် အမှိုက်ပုံကြီးမှာ ကျယ်ပြန့်လာပြီး သန့်ရှင်းရေးဌာနမှ သိမ်းယူမှု မနိုင်ခြင်းသည် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း ဒေါ်သန်းမြင့်အောင်က ဇူလိုင် ၅ ရက်တွင် ရန်ကုန်မြို့ သံဈေးအတွင်းရှိ Myanmar Book ပလာဇာ၌ ပြုလုပ်သော စိန်ခေါ်မှု ဖြစ်လာသည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ပလတ်စတစ် အန္တရာယ်အကြောင်း စကားဝိုင်းတွင် ထည့်သွင်းပြောကြားထားသည်။

“ဌာနပေါင်း ၂၀ ရှိတဲ့အနက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက အလုပ်အများဆုံး ဌာနထဲမှာ ပါပါတယ်။ အမှိုက်သိမ်း ဝန်ထမ်းတွေက သောင်းဂဏန်းပဲ ရှိပါတယ်။ အဲဒီဝန်ထမ်းတွေက အမှိုက်ကို သိမ်းလို့ကို မလောက်နိုင်လောက်အောင် အမှိုက်တွေက အင်မတန် များပြားပါတယ်။ အဲဒီတော့ ရပ်ကွက်တွေထဲမှာ ခေါင်းလောင်းတီးစနစ် အမှိုက်ကားလာပြီး သိမ်းတယ်။ လှည်းတွေနဲ့ သိမ်းတယ်။ အိမ်ပေါ်အထိ သိမ်းတယ်။  ပြဿနာက ပြည်သူတွေဆီကနေ အမှိုက်က ထွက်သင့်တာထက်ကို ပိုထွက်နေတယ်။ ပြောရမယ်ဆိုရင် စိန်ခေါ်မှုတွေက အများကြီးပဲ။ အလုပ်သမား မလောက်ငှတဲ့ စိန်ခေါ်မှုတွေ၊ ကျွန်မတို့မှာရှိတဲ့ ယန္တရားတွေဖြစ်တဲ့ အမှိုက်သိမ်းယာဉ်တွေ ခေါက်တုံ့၊ ခေါက်ပြန်သိမ်းလို့ မနိုင်တာတွေရှိတယ်” ဟု ဒေါ်သန်းမြင့်အောင်က ပြောကြားထားသည်။

 

Most Read

Most Recent