မိုးရက်ဆက်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ စိုးရိမ်ရေမှတ် ကျော်လွန်ပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်ကာ ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရ

မိုးရက်ဆက်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ စိုးရိမ်ရေမှတ် ကျော်လွန်ပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်ကာ ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရ
Published 22 July 2018

မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်မှုကြောင့် ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေစဉ်

မိုးရက်ဆက် ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာခဲ့ကာ စိုးရိမ်ရေမှတ် ကျော်လွန်ပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များ ရေနစ်မြုပ်ကာ ပြည်သူ ၅၀၀ ကျော် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

သောင်ရင်းမြစ်ရေသည် ဇူလိုင် ၂၀ ရက် ည ၇ နာရီမှစ၍ မြဝတီမြို့ အမှတ် ၂ ရပ်ကွက်ခွန်ဆာဝင်း၊ အမှတ် ၄ ရပ်ကွက် ကျောက်ဖျာဂိတ်၊ အမှတ် ၅ ရပ်ကွက်ရှိ မြစ်ကမ်းနား အနိမ့်ပိုင်း နေအိမ်များ ရေဝင်နစ်မြုပ်ကာ မိသားစု ၁၀၀ ခန့်နှင့် ရပ်ကွက်နေ ပြည်သူ ၅၀၀ ကျော်အား ကျွန်းတောဈေးနှင့် ကိုးနဝင်ကျောင်း ဓမ္မာရုံတို့တွင် ကယ်ဆယ် စောင့်ရှောက်ထားကြောင်း သိရသည်။

မြဝတီခရိုင်အုပ်နှင့် မြို့နယ်၊ ရပ်ကွက် ချုပ်ရေးမှူးများ၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုကယ်ဆယ်ရေး အသင်းများက ညရေကင်းစောင့်ကြည့်ကာ ရေမြုပ်နေအိမ်များမှ လူနှင့် ပစ္စည်းများကို ညတွင်းချင်း ကယ်ထုတ်ပြီး ရေဘေးကယ်ဆယ်ရေ စခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်းမာရေး ဌာနမှလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဖျာဂိတ် အနိမ့်ပိုင်းတွင် နေထိုင်သူ ဒေါ်စန်းက “ကယ်ဆယ်ရေး အဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။ အဘွားအိမ်က မြုပ်သွားပြီလေ။ သူတို့သာ အတင်းမခေါ်ခဲ့ရင် ခုလောက်ဆို အဘွားသေနေလောက်ပြီ” ဟု ပြောကြားသည်။

ရေဘေးရှောင် ပြည်သူများအား စောင့်ရှောက်ထားရှိရာ ကယ်ဆယ်ရေးစခန်းသို့ စကခ (၁၉) တပ်မမှူး၊ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်အောင်နှင့် ရှေ့တန်းမှူး၊ တပ်မတော် ဆေးတပ်ဖွဲ့တို့ လာရောက်ပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်က “သောင်ရင်းမြစ်ရေ မြင့်တက်လာရင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စနစ်တကျ ကြိုတင်ပြင်ဆင် ထားပါတယ်။ စားသောက်ရေးကိုလည်း ရပ်ကွက်အလိုက် စီမံထားပြီး လုပ်ဆောင်နေပါတယ်” ဟု ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီက ပြောကြားသည်။

ရေဘေးရှောင် ပြည်သူများ စားသောက်ရေး အဆင်ပြေချောမွေ့ စေရေးအတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ကျပ်ငွေသိန်းသုံးဆယ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent