ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးပြီး နွားတစ်ကောင်သေဆုံး

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးပြီး နွားတစ်ကောင်သေဆုံး
Published 22 July 2018

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အား တွေ့ရစဉ်

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် လေဆင်နှာမောင်း ကျရောက်သဖြင့် နေအိမ်တစ်လုံး ပြိုပျက်ပြီး နွားတစ်ကောင် သေဆုံးခဲ့ကာ အိမ်ရှင်အမျိုးသမီးအား ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။

လေဆင်နှာမောင်းမှာ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ရုတ်တရက် ကျရောက်ခြင်းဖြစ်ပြီး ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ (ချောင်းဖျား) ရပ်ကွက်နေ တောင်သူဦးမောင်ငယ်၏ နေအိမ်ပြိုပျက်ခဲ့ပြီး နေအိမ်ထဲတွင် ရှိနေသည့် နွားတစ်ကောင် နေအိမ်ပိကာ သေဆုံးသွားခဲ့ကြောင်း၊ နေအိမ်အနီးရှိ သစ်ပင်မှာလည်း လဲကျသွားခဲ့ကြောင်းနှင့် အိမ်ရှင်အမျိုးသမီးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း သတိလစ်သွားသဖြင့် အပေါက်ဝဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“လေဆင်နှာမောင်း အငယ်စားလို့ ပြောရပါမယ်။ လေဆင်နှာမောင်းငယ်က ကွက်ကျ ကျခဲ့လို့ အပေါက်ဝကျေးရွာ (ချောင်းဖျား) ရပ်ကွက်က တောင်သူဦးမောင်ငယ်နေအိမ် ပျက်စီးသွားပါတယ်။ အိမ်ထဲမှာချည်ထားတဲ့ နွားသားအမိမှာ နွားမကြီးအိမ်ပိသေဆုံးပါတယ်။ အိမ်ရှင်မကလည်း သတိလစ်သွားလို့ ဆေးရုံတင်ရပါတယ်။ အခုတော့ သတိပြန်ရနေပါပြီ။ နောက်တစ်နေရာ ကျတာက ရထားဘူတာပါ။ ဘူတာခေါင်မိုးလည်း လွင့်ထွက်သွားပါတယ်။ ရွာထဲကျလာတဲ့အခါ ကျွန်တော်တို့ အိမ်နားက ရေကန်က ရေတွေတောင် မြင့်သွားပါတယ်” ဟု အပေါက်၀ ကျေးရွာသားတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် လေပြင်းတိုက်ခတ်သဖြင့် မအီမြို့ အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်းရှိ ဦးမောင်မောင်၏ ဓနိမိုး၊ ပျဉ်ခင်း၊ ထရံကာ နေအိမ်တစ်လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ငါးခူချောင်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်၍ အိမ် ၂၉ လုံး ထိခိုက်ခဲ့ပြီး ထိုအထဲတွင် ခြောက်လုံးမှာ လုံးဝပြိုပျက်သွားကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၄ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent