မဟာအောင်မြေကျောက်ဝိုင်းအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဘတ်ဂျက်ဖြင့် CCTV ကင်မရာ ၂၉ လုံးနှင့် Drone ကင်မရာနှစ်လုံး တပ်ဆင်မည်

မဟာအောင်မြေကျောက်ဝိုင်းအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဘတ်ဂျက်ဖြင့် CCTV ကင်မရာ ၂၉ လုံးနှင့် Drone ကင်မရာနှစ်လုံး တပ်ဆင်မည်
Published 22 July 2018

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကို တွေ့ရစဉ်

မန္တလေးမြို့ရှိ မဟာအောင်မြေကျောက်ဝိုင်းအတွင်း ဒုစရိုက်မှုများ လျော့နည်းလာစေရန် ကျောက်ဝိုင်းအတွင်း အဓိကကျသည့် နေရာများ၌  CCTV ကင်မရာ ၃၁ လုံးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ဖြင့် ဇူလိုင်လအတွင်း တပ်ဆင် သွားမည်ဖြစ်ကြောင်း မန္တလေးမဟာအောင် မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း ကော်မတီမှ သိရသည်။

“ဒီအတွက် ဒုစရိုက်မှုတွေ ဒီထက်လျော့နည်းစေဖို့အတွက် ကျွန်တော်တို့ ကျောက်ဝိုင်းကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီကနေပြီး ဒီဇူလိုင်လထဲမှာ CCTV အလုံးပေါင်း ၃၁ လုံး လာတပ်ပေးမှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ စောင့်ကြည့်ဖို့ပဲလို ပါတယ်။ ကျောက်ရောင်းမှား ဝယ်မှားတွေမှာ ပြန်ကြည့်လို့ရတယ်။ အရင်ကလည်း ကျောက်ဝိုင်းထဲမှာ တချို့ဆိုင်ခန်းတွေ တပ်ထားတော့ အဲဒီကနေ ပြန်ကြည့်ပြီးဖြေရှင်းခဲ့ရတာတွေ ရှိတယ်။ CCTV တပ်မယ့်နေရာတွေ၊ လူအသွားအလာများတဲ့ နေရာတွေ၊ အဝင်ပေါက်ထွက်ပေါက်တွေမှာ တပ်ဆင်သွားမယ်။ အခုလို CCTV တပ်လိုက်လို့ ဒုစရိုက်မှုခင်းတွေလည်း ထိန်းချုပ်သွားနိုင်မယ်။ ကျောက်ဝိုင်းအတွင်း မှုခင်းတွေ မကြာခဏ ဖြစ်နေသည့်အတွက် ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီကို တင်ပြလိုက်တဲ့အတွက် သူတို့က CCTV ၂၉ လုံး Drone နှစ်လုံး စုစုပေါင်း ၃၁ လုံး လာရောက်တပ်ဆင်ပေးမယ်” ဟု မန္တလေးမဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

အဆိုပါ မဟာအောင်မြေမြို့နယ် မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် တရုတ်ကုန်သည် တစ်ဦးထံမှ ငွေသိန်း ၂၀၀ ကျော် အနှိုက်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ တရုတ်ငွေ ၂၀၀၀၊ ၄၂ သိန်းကျော် တန်ဖိုးရှိ လက်ကောက်သုံးကွင်း၊ ပတ်စ်ပို့၊ မှတ်ပုံတင်နှင့် အခြားသောအချက်အလက်များ ပါဝင်သွားသည်ဟု သိရသည်။

Most Read

Most Recent