FMI လေကြောင်းလိုင်း ပြေးဆွဲမှုနှင့် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်း ယာယီရပ်ဆိုင်းကြောင်းနှင့် ဝန်ထမ်း ၁၃၄ ဦးအား ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန်နှင့် လျော်ကြေးပေးရန် စီစဉ်မည်ဟု ထုတ်ပြန်

FMI လေကြောင်းလိုင်း ပြေးဆွဲမှုနှင့် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်း ယာယီရပ်ဆိုင်းကြောင်းနှင့် ဝန်ထမ်း ၁၃၄ ဦးအား ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန်နှင့် လျော်ကြေးပေးရန် စီစဉ်မည်ဟု ထုတ်ပြန်
Published 21 July 2018

FMI လေကြောင်းလိုင်းပိုင် လေယာဉ်အချို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် ။

ပြည်တွင်းခရီးစဉ် ပြေးဆွဲမှုများနှင့် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုများ လုပ်ကိုင်နေသော FMI လေကြောင်းလိုင်း၏ လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း FMI က ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။

FMI လေကြောင်းလိုင်းသည် အလားအလာရှိသော ရွေးချယ်စရာ နည်းလမ်းအသွယ်သွယ်ကို ဆန်းစစ်သုံးသပ်လျက်ရှိပြီး အနာဂတ်တွင် ဈေးကွက်အခြေအနေအရ လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက် နောက်ပိုင်းတွင် FMI လေကြောင်းလိုင်းနှင့် ပျံသန်းရန် ကြိုတင်လက်မှတ်ဝယ်ယူထားသော ခရီးသည်များကိုလည်း လေယာဉ်လက်မှတ်ခများ ပြန်လည်ပေးအပ်သွားမည်ဖြစ်မည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် လေယာဉ်စင်းလုံးငှား ခရီးစဉ်တစ်ခု ပျံသန်းပြေးဆွဲရန်ရှိပြီး ထို့နောက်တွင် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုကိုလည်း ယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့လေကြောင်းလိုင်းကဏ္ဍတွင် စီးပွားရေး စိန်ခေါ်မှုများစွာရှိနေပြီး အဖန်ဖန် ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ပြီးနောက် FMI လေကြောင်းလိုင်း၏ အကျိုးစီးပွားကို ရှေးရှု၍ လုပ်ငန်းလည်ပတ်မှုများကို ခေတ္တရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရပ်ဆိုင်းခြင်းဖြင့် လေကြောင်းလိုင်းအတွက် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုများနှင့်အတူ အနာဂတ်အတွက် လိုအပ်မည့် လုပ်ငန်းလည်ပတ်မှုပုံစံ တစ်ရပ်ကိုပါ ဖော်ဆောင်နိုင်မည်ဟု FMI လေကြောင်းလိုင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းေ၀ (ခေါ်) Mr. Serge Pun က ပြောကြားသည်။

FMI လေကြောင်းလိုင်းပိုင် လေယာဉ်အချို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် ။

လုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရသည့် ရလဒ်ကြောင့် ဝန်ထမ်းပေါင်း ၁၃၄ ဦးမှာလည်း အလုပ်မှ ရပ်နားရမည်ဖြစ်သည်။ အဆိုပါဝန်ထမ်းများကို လုပ်ငန်းစုအတွင်းရှိ အခြားလုပ်ငန်းဌာနများတွင် ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည့်အပြင် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ကြိုတင်အသိပေးမှုများနှင့် လျော်ကြေး များလည်း ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်တွင် လေယာဉ်စင်းလုံးငှားရမ်းခြင်းဖြင့် စတင်ခဲ့သည့် FMI လေကြောင်းလိုင်းသည် ဦးဆုံးဝန်ဆောင်မှုအနေဖြင့် ရန်ကုန်-နေပြည်တော်ပျံသန်းမှုကိုစတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်FMI လေကြောင်းလိုင်းသည် ကိုယ်တိုင်လုပ်ငန်းလည်ပတ်မှုများ စတင်ခဲ့ပြီး ရန်ကုန်-နေပြည်တော်ခရီးစဉ်အပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် သံတွဲ အစရှိသည့်ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့သည်။ FMI လေကြောင်းလိုင်းကို First Myanmar Investment Co., Ltd. မှ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Most Read

Most Recent