နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကော့မှူးမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် ဟိုတယ်သင်တန်းကျောင်း၊ ရွေ့လျားစာကြည့်တိုက်သို့ သွားရောက်ခဲ့သည့်အပြင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကော့မှူးမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် ဟိုတယ်သင်တန်းကျောင်း၊ ရွေ့လျားစာကြည့်တိုက်သို့ သွားရောက်ခဲ့သည့်အပြင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံ
Published 21 July 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၀ ရက်က ကော့မှူးမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် ဟိုတယ်သင်တန်းကျောင်း၊ ရွေ့လျားစာကြည့်တိုက်သို့ သွားရောက်ခဲ့သည့်အပြင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံခဲ့သည်။

ပထမဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ရှိ အောင်ဇမ္ဗူဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ခဲ့ပြီး အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့မှူးမြို့တွင် ဒေါ်ခင်ကြည ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် Hospitality Catering Training Academy (HCTA) သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ သင်တန်းပို့ချနေမှုများကို ဝင်ရောက်လေ့လာခဲ့ပြီးနောက် သင်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကားများ ပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် HCTA သင်တန်းကျောင်းရှိ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်လည်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ကော့မှူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပြောကြားမှုများနှင့်ပတ်သက်၍ ကော့မှူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ် တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က

“ဒေသဖွံဖြိုးရေးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ အစိုးရဘက်ကဌာနဆိုင်ရာတွေရယ် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပေါ့။ ဒါတွေကို အဓိကမှာသွားပါတယ်။ အား လုံးမြို့နယ်ဖွံ့ဖြိုးရေးကိစ္စတွေပဲ အဓိကမှာ ကြားသွားတာပါ။ ကျန်တာတော့ ထွေထွေထူးထူးဘာမှ မှာကြားသွားတာမရှိပါဘူး။ ဖွံ့ဖြိုးရေးကိစ္စတွေကို စနစ်တကျနဲ့ အားလုံးပူး ပေါင်းလုပ်ဖို့ ဌာနတွေကတော့အမျိုးမျိုးပဲလေ သက်ဆိုင်ရာအလိုက် ဖွံ့ဖြိုးရေးလုပ်ဆောင်နေတာတွေကို ပြန်လည်ရှင်းလင်းတင်ပြတာပါ။ လျှပ်စစ်မီးရရှိဖို့ကတော့ အရင်ကထက် ပိုပြီးရဖို့ပေါ့။ ဒါလေးတွေပြောပါတယ်။ လျှပ်စစ်မီးကတော့ ဘာပဲဖြစ်ဖြစ်နိုင်ငံတော်ရဲ့ သူလျာထားချက်အတိုင်း နှစ်စဉ်လျာထားချက်အတိုင်းပဲ စနစ်တကျပါနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဘယ်စီမံကိန်းတွေ လုပ်သွားဖို့ရှိတယ်ဆိုတာမျိုးတော့ သီးသန့်မှာသွားတာမျိုး မရှိပါဘူး” ဟု မီဒီယာများကို ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပတုပ်မူလတန်းလွန်ကျောင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ထားရှိသည့် ရွေ့လျားစာကြည့်တိုက်သို့ သွားရောက်ခဲ့ပြီး စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်အတွင်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသည့် အော်ဂဲနစ် စိုက်ပျိုးရေးခြံသို့ ဝင်ရောက်ကြည့်ရှုခဲ့ပြီးနောက် ကော့မှူးမြို့နယ်မှ ပြန်လည်ထွက်ခွာခဲ့သည်။

Most Read

Most Recent