ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် ဆက်လက်ကူညီမည်

ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် ဆက်လက်ကူညီမည်
Published 21 July 2018

ဂျပန်အစိုးရ၊ ဂျပန်သံရုံး၊ JICA တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဆင်းရဲမှုပပျောက်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာတွင် ရခိုင်ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၀ တွင် ထုတ်ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ဂျပန်အစိုးရ အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဂျပန်သံအမတ်ကြီးက “ယခု ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းဟာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဂျပန်အစိုးရ၊ ဂျပန်သံရုံးနဲ့  JICA တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဆင်းရဲမှုပပျောက်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်နေပါတယ်။ အဓိကကတော့ ရခိုင်ပြည်နယ် ဆင်းရဲမှုပပျောက်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးပိုမိုရရှိဖို့၊ အခြေခံအဆောက်အအုံတွေ တိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်အစိုးရနဲ့ ဂျိုက်ကာတို့ ပူးပေါင်းပြီး အထူးသဖြင့် ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆက်ပြီးကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ရင်ဆိုင်နေရသော ပြဿနာနှင့်ပတ်သက်၍ နိုင်ငံတကာက တစ်ဖက်သတ် ဝေဖန်ပြောဆိုနေမှုများဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံ၏ ရပ်တည်ချက်သည် ထိုသို့မဟုတ်ကြောင်း၊ သမိုင်းနှင့်ချီသော ကိစ္စဖြစ်၍ ချက်ချင်းဖြေရှင်းနိုင်သော ကိစ္စလည်းမဟုတ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ဒေသခံများ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်နေမှုကို အလေးအနက်ထားပါကြောင်း၊ ယင်းကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုကို ဂျပန်အစိုးရက အထောက်အကူပြုနိုင်အောင် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီးက ပြောကြားသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ၂၀၁၅ ခုနှစ် အတွင်း ရေကြီးမြေပြိုမှုများကြောင့် ပျက်စီးသွားသော အခြေခံပညာကျောင်းများကို ပြန်လည်ဆောက်လုပ် လှူဒါန်းပေးလျက်ရှိရာ ကျောင်းပေါင်း ၃၉ ကျောင်းကို ပြန်လည်

ဆောက်လုပ်ပေးရန် ကတိပြုထားသည့်အနက် ၃၃ ကျောင်းကို အသစ်ပြန်လည်ဆောက်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent