ဟယ်ဆင်ကီး ထိပ်သီးအပြီး ထရန့်က ပူတင်အား ဝါရှင်တန်သို့ ဖိတ်ကြားရန် စီစဉ်

ဟယ်ဆင်ကီး ထိပ်သီးအပြီး ထရန့်က ပူတင်အား ဝါရှင်တန်သို့ ဖိတ်ကြားရန် စီစဉ်
Published 21 July 2018

ဇူလိုင် ၁၆ ရက်တွင် ဟယ်ဆင်ကီးမြို့၌ ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီးတွင် ရုရှားသမ္မတ ပူတင် (ယာ) က အမေရိကန်သမ္မတ ထရန့် (ဝဲ) ထံ ကမ္ဘာ့ဖလားဘောလုံးပေးနေစဉ် (Photo - AFP)

ဖင်လန်နိုင်ငံ ဟယ်ဆင်ကီးမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပထမဆုံးအကြိမ် ထိပ်သီးကျင်းပခဲ့ပြီးနောက် ဝေဖန်မှုများ အလွန်အမင်းကြုံတွေ့နေရသော အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ရုရှားခေါင်းဆောင်နှင့် နောက်ထပ်တစ်ကြိမ်တွေ့ဆုံနိုင်ရန် မျှော်လင့်နေကြောင်း ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုထိပ်သီးသည် လာမည့်ဆောင်းဦးတွင် ကျင်းပဖွယ်ရှိကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါးစ်က ပြောကြားခဲ့သည်။ ရုရှားသမ္မတပူတင်အား လာမည့်ဆောင်းဦးတွင် ဝါရှင်တန်သို့ ဖိတ်ကြားရန် သမ္မတထရန့်က အမျိုးသားလုံခြုံရေး အကြံပေးဂျွန်ဘိုတန်ကို ညွှန်ကြားခဲ့ကြောင်း၊ ထိုကိစ္စအတွက် ဆွေးနွေးမှုများသည် ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကော်လိုရာဒိုပြည်နယ် အက်စ်ပင်းတွင် လုံခြုံရေးဖိုရမ်တစ်ခု၌ တိုက်ရိုက်ထုတ်လွှင့်သော အင်တာဗျူး၌ ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို ထောက်လှမ်းရေး အဖွဲ့ဒါရိုက်တာ Dan Coats  က အံ့အားသင့်သွားပုံရပြီး “နောက်ထပ်တစ်ကြိမ်လား။ အိုကေ။ ဒါက ထူးခြားပါလိမ့်မယ်” ဟု ရယ်မောလျက် ဖြေကြားခဲ့ပြီးနောက် ထိုဖိတ်ကြားမှုသတင်းထွက်လာခဲ့ခြင်း ဖြစ်သည်။ ဟယ်ဆင်ကီးထိပ်သီးတွင် ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏ စကားပြန်များသာ ပါဝင်လျက် နှစ်နာရီခန့် သီးသန့်ဆွေးနွေးခဲ့ကြပြီး မည်သည့်အရာများ ဆွေးနွေးခဲ့ကြကြောင်းကို သူမသိဟု Coats က ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ထိပ်သီးတွင် ပူတင်နှင့်ဆက်ဆံရေးနီးကပ်စေရန် ကြိုးပမ်းခဲ့သည်ဟု ရှုမြင်ခံရမှု၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှား၏ ဝင်ရောက်စွက်ဖက်မှုများအား ဖော်ထုတ်ခဲ့သည့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့များ၏ တွေ့ရှိချက်များအား လက်မခံလိုသည့်ပုံစံများကြောင့် ထရန့်သည် ထိုထိပ်သီးအပြီးတွင် ပြည်တွင်း၌ ပါတီနှစ်ရပ်စလုံး၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုများအား ကြုံတွေ့ခဲ့ရသည်။

သို့သော် ထရန့်က ဝေဖန်မှုများအား ဂရုမစိုက်ဘဲ ၎င်း၏အောင်မြင်မှုများကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ မီဒီယာများအား အတုအယောင်များဟု Twitter ၌ ဝေဖန်တိုက်ခိုက်ခဲ့သည်။

ဟယ်ဆင်ကီးထိပ်သီးတွင် ထရန့်၏ရည် မှန်းချက်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးဆိုးရွားနေမှုအား ပြန်လည်ပြောင်းလဲပစ်ရန်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကက်သလစ်ရုပ်သံကွန်ရက် EWTN သို့ ပြောကြားခဲ့သည်။

CNBC ရုပ်သံနှင့် အင်တာဗျူးတွင် ထရန့်က ရုရှားသမ္မတပူတင်နှင့် ဆက်ဆံရေး ပြေလည်မှု၊ ရုရှားနှင့်ပြေလည်မှုတို့သည် အပြုသဘောဆောင်ပြီး အနုတ်သဘောမဆောင်ကြောင်း ပြောကြားခဲ့သည်။ ပူတင်နှင့်နောက် ထပ်ထိပ်သီးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစ္စရေးလုံခြုံရေး၊ နျူကလီးယားပြန့်ပွားမှု ထိန်းချုပ်ရေး၊ ဆိုက်ဘာတိုက်ခိုက်မှု၊ ကုန်သွယ်ရေး၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး၊ မြောက်ကိုရီးယားနှင့် အခြားကိစ္စများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ဟယ်ဆင်ကီးတွင် နှစ်နာရီကြာ သီးသန့် တွေ့ဆုံမှု၌ မည်သည့်အရာများကို ဆွေးနွေးခဲ့ကြောင်းကို မသိရသေးပါက သမ္မတထရန့်သည် အမေရိကန်၊ ရုရှားနှင့် မည်သည့်နေရာတွင်မဆို ပူတင်နှင့် သီးသန့်တွေ့ဆုံ ခွင့်ပြုမည်မဟုတ်ကြောင်း ထိပ်တန်းဒီမိုကရက် အထက်လွှတ်တော်အမတ် ချက်ရှူးမားက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent