ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရောက်ပြီး တရုတ်ယွမ်ငွေဈေးထိုးဆင်းကာ နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၂၉ ကျပ်အထိ ဆက်လက်မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရောက်ပြီး တရုတ်ယွမ်ငွေဈေးထိုးဆင်းကာ နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၂၉ ကျပ်အထိ ဆက်လက်မြင့်တက်
Published 21 July 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၅ ပွိုင့်အောက်ရောက်ပြီး တရုတ်ယွမ်ငွေဈေး ထိုးဆင်းကာ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၂၉ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူူများထံမှ သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမူဝါဒနှင့် ငွေတန်ဖိုးမြင့်တက်လာမှုအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ဒေါ်လာဈေးအညွှန်းကိန်းမှာ ၉၅ ပွိုင့်အောက်သို့ ပြန်ကျခဲ့သည်။ တစ်ဖက်တွင်လည်း တရုတ်ယွမ်ငွေအပါအဝင် ဂျပန်ယန်း၊ တောင်ကိုရီးယားဝမ်၊ စင်ကာပူဒေါ်လာ စသည့်အာရှအဓိ ကငွေကြေးတန်ဖိုးအားလုံး ကျဆင်းခဲ့ပြီး တရုတ်ယွမ်ငွေက ကျဆင်းမှုနှုန်းအများဆုံး ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းထား အဖြစ် ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယပတ်မှစတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန်  ၁၁ ရက်မှ ဇူလိုင် ၂၀ ရက်အထိ တစ်ဒေါ်လာ  ၈၃ ကျပ်အထိ မြင့်တက်ခဲ့ကာ မြန်မာကျပ်ငွေ တန်ဖိုး ၆ ဒသမ ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၁၉ ရက်တွင် ၉၅ ဒသမ ၁၅ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာပြန် လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက်အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေးသိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင်  ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ်၊ ဇူလိုင် ၁၇ ရက်တွင် ၁၄၁၅ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၀ ရက်တွင် ၁၄၂၉ ကျပ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၂၀ ရက်တွင်သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာကျပ် ၁၄၂၀ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၂၀ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၄၆ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၈ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၅၀ ကျပ်၊ တရုတ်ယွမ် ၂၁၁ ကျပ်၊ ဂျပန် ယန်း ၁၂ ဒသမ ၆၅ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၄၀ ကျပ် ဖြစ်သည်။

 

Most Read

Most Recent