ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့် ကွယ်လွန်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့် ကွယ်လွန်
Published 20 July 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ဇူလိုင် ၁၉ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ဇူလိုင် ၁၉ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၃ ရပ်ကွက်၊ သွေးသောက်လမ်းရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၃ နှစ်) ရှိကြောင်း သိရသည်။

“ကျွန်တော်သိတာကတော့ လည်ချောင်းကင်ဆာရောဂါနဲ့ပဲ ကုနေရင်းနဲ့ပိုးက ဦးနှောက်ထဲရောက်သွားတော့ အခုလို ဖြစ်သွားတာပါပဲ။ ကွမ်းတို့ဆေးလိပ်တို့ စားခဲ့တဲ့ ဆိုးကျိုးတွေကြောင့်လို့ပဲ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ တော်တော်ကို ဝမ်းနည်းမိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ တာမွေမြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးသိန်းမြင့်က ပြောကြားသည်။

ဦးတင်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းကွယ်လွန်ခဲ့ခြင်းအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များက မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဇူလိုင် ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင် ၁၅ ရက်က ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်၊ မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအေးသည် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

ယခုကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ လစ်လပ်မဲဆန္ဒနယ်များသည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent