(၇၁) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးက အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြု အမျှဝေခြင်း အခမ်းအနား ပြုလုပ်

(၇၁) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးက အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြု အမျှဝေခြင်း အခမ်းအနား ပြုလုပ်
Published 20 July 2018

(၇၁) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့က နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြု အမျှဝေခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီရုံးရှိ ဇမ္ဗူသီရိခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် တက်ရောက်လာသော အစိုးရအဖွဲ့ဝင်များက နိုင်ငံတော် သြဝါဒါစရိယ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ သံဝေဂကထာ တရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း သိရသည်။

ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာသော အစိုးရအဖွဲ့ဝင်များသည် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နှစ်မိနစ်ငြိမ်သက် ဂါရဝပြုကြကြောင်း သတင်းရရှိသည်။

ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ အရှင်ဝီရိယ (ဓမ္မဘေရီ) တောင်စွန်း ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော် ၁၅ ပါး ကြွရောက်ချီးမြင့်တော်မူကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့်ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် ဇနီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးနှင့် ဇနီး ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ကြသည်။

ရှေးဦးစွာ အရှင်ဝီရိယ (ဓမ္မဘေရီ) တောင်စွန်းဆရာတော်ထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တက်ရောက်လာသော အစိုးရအဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တက်ရောက်လာသော အစိုးရအဖွဲ့ဝင်များက ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent