ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်ဆန္ဒပြနေခြင်းများသည် နိုင်ငံရေးအရ ကိုယ့်ခြေကိုယ်ပြန်ချိုး သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ပြောကြား

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်ဆန္ဒပြနေခြင်းများသည် နိုင်ငံရေးအရ ကိုယ့်ခြေကိုယ်ပြန်ချိုး သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ပြောကြား
Published 20 July 2018

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းများကို ကန့်ကွက်ဆန္ဒပြနေခြင်းများသည် နိုင်ငံရေးအရ ကိုယ့်ခြေကိုယ်ပြန်ချိုး သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

NLD ပါတီဗဟိုရုံးချုပ်တွင် ဇူလိုင် ၁၉ ရက်က ပြုလုပ်သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်ဆန္ဒပြနေခြင်းများသည် ဒီမိုကရေစီကို အနှောင့်ယှက် ဖြစ်စေနိုင်မည်လား၊ တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို အထောက်အကူပြုစေနိုင်မည်လား ဆိုသည်ကို သေချာစဉ်းစားစေချင်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ဒီနှစ်က ထူးခြားတဲ့အချက်ကတော့ ဗိုလ်ချုပ်ရဲ့ ရုပ်တုကြေးရုပ်တွေကို စိုက်ထူတဲ့နေရာမှာ ကန့်ကွက်ဆန္ဒပြတာတွေ အထူးသဖြင့် တိုင်းရင်းသားဒေသနယ်မြေတွေမှာ တွေ့ရတယ်။ ဒါကတော့ ထူးခြားတဲ့အချက်ပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဧရာဝတီတိုင်းမြန်အောင် ကြံခင်းမှာ ဗိုလ်ချုပ်ရုပ်တုတွေရဲ့ ဦးခေါင်းတွေကို ဖျက်ပစ်တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက လူတစ်ဦးတစ်ယောက်ရဲ့ ခံယူချက်ဖြစ်ပြီးတော့ အခုကျတော့ နိုင်ငံရေးရည်ရွယ်ချက် ပါလာတာ တွေ့ရပါတယ်။ အဲဒါ ကျွန်တော်တို့ တော်တော်လေးကို ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒက ဒေသခံပြည်သူများက ဗိုလ်ချုပ်ရဲ့ ကျေးဇူးကို အမှတ်ရသောအားဖြင့် ဗိုလ်ချုပ်ရဲ့လမ်းစဉ်ကို အကောင်အထည်ဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ထူရတာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒေသခံ ပြည်သူအများစုနဲ့ ညှိနှိုင်းပြီးတော့မှ ဒီရုပ်တု စိုက်ထူတာတွေကို လုပ်ဆောင်စေချင်ပါတယ်။ အာဏာပိုင်က ခွင့်ပြုရုံမျှနဲ့၊ ငွေကြေး ကောက်ခံလို့ရရုံမျှနဲ့ မလုပ်စေချင်ပါဘူး။ အများသဘောတူ ရယူပြီးတော့မှ လုပ်တာဟာ ဒီမိုကရေစီရဲ့ အစဉ်အလာပါ။ အဲဒီလိုရုပ်တုတွေ စိုက်ထူခြင်းကို ကန့်ကွက်တဲ့သူတွေ တချို့ကလည်း ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးတဲ့သူတွေလို့ သိရတော့ အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု လုပ်မယ်ဆိုရင် နိုင်ငံရေးသမားဆိုတာ အမြင်ကျယ်ရပါတယ်။ လတ်တလော ဖြစ်နေတာတင် မဟုတ်ဘဲ ရှေ့ကိုလည်း မြင်ရပါမယ်။ အဲဒီတော့ ဒီလိုလုပ်တာဟာ ဒီမိုကရေစီကို အနှောင့်အယှက် ဖြစ်စေမလား။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အထောက်အကူပြုမလား သေချာစဉ်းစား စေချင်ပါတယ်။ သူ့မှာလိုအပ်ချက်ရှိရင် သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်တုတွေကိုအလားတူ ထုလုပ်ချင်တယ်ဆိုရင် ဒါဟာညှိနှိုင်းလို့ရတဲ့ကိစ္စပါ။ တစ်ခါဗိုလ်ချုပ်က ပေးခဲ့တဲ့ကတိတွေ မတည်လို့ဆိုတာမျိုးကလည်း အင်မတန်ကို ယုတ္တိမရှိဘူးလို့ ထင်ပါတယ်။ ဗိုလ်ချုပ်ပေးတဲ့ ကတိတွေကို အခုတိုင်းရင်းသားခေါင်းဆောင်တွေ တခုပ်တရနဲ့ တောင်းဆိုနေတာပဲ မဟုတ်ပါလား။ အဲဒီတော့ ဗိုလ်ချုပ်ချခဲ့တဲ့လမ်းစဉ်အတိုင်း ဆက်သွားဖို့လိုနေချိန်မှာ ဗိုလ်ချုပ်ရဲ့ ရုပ်တုကို ကန့်ကွက်တာဟာ နိုင်ငံရေးအရ ကျွန်တော်တို့ ကိုယ့်ခြေကိုယ်တောင် ပြန်ချိုးသလိုဖြစ်နေမှာ စိုးရိမ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့ပြင် အမျိုးမျိုးသော ကန့်ကွက်ဆန္ဒပြမှု ဖြစ်စဉ်များသည် နိုင်ငံရေးအရ ယုံကြည်မှုကို တစ်မျိုးတစ်ဖုံ ထိခိုက်စေနိုင်ကြောင်းနှင့် ယင်းကဲ့သို့ ဆန္ဒပြမှုများမှာ ပြည်သူအများစု၏ သဘောဆန္ဒလားဆိုသည်ကို သတိထားရမည်ဟု ၎င်းက ပြောကြားသည်။

ထိုကဲ့သို့ ဗိုလ်ချုပ်ကြေးရုပ်တုများ စိုက်ထူခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးများမှ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ်များထံ မဖြစ်မနေ စိုက်ထူရမည်ဟု ညွှန်ကြားထားခြင်းမျိုး မရှိကြောင်းကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း ကိစ္စများကို ပါတီက ညွှန်ကြားထားခြင်းမျိုး မရှိကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မစိုက်ထူရန် ဒေသခံကရင်နီတိုင်းရင်းသားလူငယ်များက ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမယ့် အစီအစဉ်ကို နာဂအဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိခဲ့သည်။

Most Read

Most Recent