<

ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်များအား ဆေးလက်ကားရောင်းချခွင့် လိုင်စင်လျှောက်ထားရန် အသိပေးထားပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသည့်ဆိုင်များကို FDA က အရေးယူမည်

ဇူလိုင် ၁၈ ရက်က ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင် စစ်ဆေးနေစဉ်

ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးအရောင်းဆိုင်များအား ဆေးလက်ကားရောင်းချခွင့် လိုင်စင်လျှောက်ထားရန် အသိပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ဆေးဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၈ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) သည် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်များကို ကွင်းဆင်း၍ ဆေးဝါးရောင်းချမှု လိုင်စင် ရှိ မရှိ၊ စပ်ဆေးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ အရည်အသွေး အာမခံချက်မရှိသော ဆေးဝါးမှတ်ပုံတင်မရှိသည့် လိုင်းဆေးများ ရောင်းချမှု ရှိ မရှိ၊ ဆေးများကို စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ရောင်းချမှု ရှိ မရှိ စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ဆေးဆိုင်များကို အရေးယူမည်ဖြစ်သည်။

“လက်ရှိ ခရိုင်လေးခရိုင်လုံးမှာရှိတဲ့ ဆေးဆိုင်တွေအားလုံး၊ ဈေးတွေရပ်ကွက်တွေမှာ ရောင်းနေတဲ့ဆေးဆိုင်တွေပါ ရှောင်တခင် စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း ဆေးဝါးဒိုင်တွေရှိတဲ့ ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးတွေမှာရှိတဲ့ ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်တွေမှာ လိုင်းဆေး၊ သက်တမ်းလွန်ဆေးဝါးသို လှောင်ရောင်းချမှုမရှိစေဖို့ ဆေးလက်ကား ရောင်းချခွင့်လိုင်စင် လျှောက်ထားဖို့အပြင် Good Pharmacy Practice နဲ့အညီ ရောင်းချဖို့ အသိပညာပေး ဟောပြောဆွေးနွေးတာတွေလည်း လုပ်ထားတယ်။ ဆေးဆိုင်တွေကို စစ်ဆေးတဲ့အခါ အဓိက ဆေးဝါးရောင်းချမှု လိုင်စင် ရှိ မရှိ၊ စပ်ဆေး၊ သက်တမ်းလွန်ဆေးဝါး၊ မှတ်ပုံမတင်ထားတဲ့ လိုင်းဆေးရောင်းချမှု ရှိ မရှိ၊ ဆေးတွေကို စနစ်တကျ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရောင်းချမှု ရှိ မရှိတွေကို စစ်ဆေးပါတယ်။ အခုနောက်ပိုင်းမှာ ဒါတွေအပြင် ရောင်းနေတဲ့ဆေးဝါးတွေရဲ့ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ ဈေးကွက်နမူနာတွေဝယ်တယ်။ စစ်မယ်၊ ပြီးရင် သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ဆိုင်တွေကို အရေးယူတာတွေ ဆက်တိုက်လုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံအ စားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးခွဲမှ ဒေါက်တာမျိုးဇာနည်စောက ပြောကြားသည်။

ဖေဖော်ဝါရီလအတွင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးရှိ ဆေးဝါးလက်လီ လက်ကားအရောင်းဆိုင်များတွင် လိုင်းဆေး၊ သက်တမ်းလွန်ဆေးဝါးများ သိုလှောင်ရောင်းချမှု မရှိစေရေးနှင့် ဆေးလက်ကား ရောင်းချခွင့်လိုင်စင် လျှောက်ထားရန် အသိပေးခဲ့သည်။

ဆေးဝါးအတု၊ စံမညီဆေးဝါးများ မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ ခံစားနေရသောရောဂါများ ပျောက်ကင်းခြင်းလုံးဝမရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေခံစားရမည်ဖြစ်သည့်အပြင် အသက်အန္တရာယ်လည်း ရှိနိုင်ကြောင်း၊ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈) အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးပြီးဖြစ်သည်။

July 19, 2018














Copy Protected by Chetan's WP-Copyprotect.