<

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၅ ပွိုင့်အထက်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၂၄ ကျပ်ဝန်းကျင်ရှိနေ

ဇူလိုင် ၁၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့် အထက်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၂၄ ကျပ် ၀န်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ဇူလိုင် ၁၉ ရက်အတွင်း ရွှေဈေးနှင့် တရုတ်ယွမ်ငွေဈေးများ ထိုးဆင်းခဲ့ပြီး ဒေါ်လာဈေးအညွှန်းကိန်း သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေး သိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ်၊ ဇူလိုင် ၁၇ ရက်တွင် ၁၄၁၅ ကျပ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၁၈ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၄၁၅ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၁၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၄၆ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၀ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၂၅ ကျပ်၊ တရုတ်ယွမ် ၂၁၂ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၆၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။

July 19, 2018














Copy Protected by Chetan's WP-Copyprotect.