ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူများအား ကျန်းမာရေးစောင့်ရှောက်ရန် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းများတွင် ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျ တာဝန်ချမည်

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူများအား ကျန်းမာရေးစောင့်ရှောက်ရန် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းများတွင် ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျ တာဝန်ချမည်
Published 20 July 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းများတွင် ဆေးပေးခန်းများ ပြင်ဆင်ထားပြီး ကျန်းမာရေးဝန်ထမ်းများကို အလှည့်ကျ တာဝန်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မောင်တောဒေသအတွင်းသို့ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည် လက်ခံရေးစခန်းများနှင့် လှဖိုးခေါင်ကြားစခန်းတို့၌ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများအား ဆောင်ရွက်ထားကြောင်းနှင့် ဇူလိုင် ၁၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီး ဌာနမှူးတို့နှင့်အတူ ပူးပေါင်းလိုက်ပါပြီး မောင်တောဒေသအတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် ပြန်လည်နေရာချထားပေးမည့် နေရာများသို့ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

“ပြန်လည်လက်ခံရေးစခန်းတွေအပြင် အခုကြားစခန်းတွေမှာပါ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်။ အခု လှဖိုးခေါင်ကြားစခန်းမှာဆိုရင် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားနိုင်ဖို့ သားဖွားခန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ထားတယ်။ စခန်းတွေအတွက် ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အလှည့်ကျပုံစံနဲ့ တာဝန်ချထားပေးမယ်။ နောက် ရေကောင်းရေသန့်ရဖို့တွေ အိမ်သာနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိဖို့အတွက်လည်း ပြင်ဆင်နေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ပြန်လည်လက်ခံရေး စခန်းများအပြင် ကြားစခန်းများတွင်ပါ ဆေးပေးခန်းများ ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ် အစိုးရတို့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်းများအား ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆိုင်ရာ သို့မဟုတ် နိုင်ငံသားဖြစ်တည်မှုတို့ အပေါ် အခြေခံသည့် ခွဲခြားမှုများကို မပြုလုပ်ဘဲ ထိုအဖွဲ့အစည်းများအားလုံး တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များ တစ်ပြေးညီရရှိရန် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများအားလုံး၌ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ ကျား/မဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ ဆေးကုသခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံများနှင့် ကျန်းမာရေးဌာနများ အားလုံးသို့ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်သွားရန် ရှိကြောင်းနှင့် ရွေ့လျားဆေးအဖွဲ့များဖြင့် ဆေးကုသပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အာဟာရ စောင့်ရှောက်မှုပေးခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စသည့်လုပ်ငန်းများ) ဆောင်ရွက်ရာ၌လည်း ခွဲခြားမှုမျိုး မရှိစေရေးအတွက် ဆောင်ရွက်ထားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် အောက်ခြေအဆင့်များအားလုံးသို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent