အဆောက်အအုံများအား အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အဆောက်အအုံများအား အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 20 July 2018

အဆောက်အအုံများအား အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇူလိုင် ၁၈ ရက် ညပိုင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆောက်အအုံများအား အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရန်၊ အရိပ်ရလေကာပင်များအား ရှင်သန်ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုး၍ စစ်မှုထမ်းဟောင်းအိမ်ရာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရန်၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အသေးစားစက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်ရန်နှင့် နေထိုင်သူ လူဦးရေ တိုးတက်များပြားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အနာဂတ်အတွက် ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့်နေအိမ် နှစ်ခန်းတွဲ ခြောက်ထပ် ခုနစ်လုံးဆောက်လုပ်မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ် တွင် အရာရှိငယ်နေအိမ် နှစ်ခန်းတွဲ ခြောက်ထပ် လေးလုံးနှင့် အခြားအဆင့်နေအိမ် နှစ်ခန်းတွဲ ခြောက်ထပ် ကိုးလုံးတို့အား ပိုင်ရိုက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် စစ်မှုထမ်းဟောင်းမိသားစုများ၏ စားရေးကို အထောက်အကူပြုစေရန်အတွက် ခေတ်မီအဆင့်မြင့် ဥစားကြက်ခြံအား ဆောက်လုပ်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်လည်း အထည်ချုပ်စက်ရုံကို ဆက်လက်တည်ဆောက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Most Read

Most Recent