မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာပြီး ပဲခူးမြို့ပေါ်ရပ်ကွက်အချို့ ဒုတိယအကြိမ် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာပြီး ပဲခူးမြို့ပေါ်ရပ်ကွက်အချို့ ဒုတိယအကြိမ် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်
Published 20 July 2018

ပဲခူးမြို့ပေါ် ရပ်ကွက်အချို့တွင် ဒုတိယကြိမ်အဖြစ် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေစဉ်

မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေ တိုးလာသောကြောင့် ယခုနှစ်မိုးရာသီတွင် ဒုတိယကြိမ်အဖြစ် ပဲခူးမြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုနှစ် ဇူလိုင် ၁၁ ရက်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပထမအကြိမ် ပဲခူးမြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း နေ့စဉ်အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း ပဲခူးမြစ်ဖျားပိုင်းတွင် မိုးများခြင်းတို့ကြောင့် ဇူလိုင် ၁၇ ရက်မှ စတင်ကာ ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာပြီး ဒုတိယအကြိမ် ပဲခူးမြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးနစ်မြုပ်ခြင်း ဖြစ်ပေါ်နေကြောင်း သိရသည်။

“အဓိကတော့ မိုးများလို့ပေါ့။ ဒီရက်ပိုင်း မိုးကလည်း မရွာတဲ့နေ့မရှိဘူး။ ရွာတော့လည်း မိုးရေချိန်များတယ်။ ပဲခူးမြစ်ရဲ့ မြစ်ညာဒေသမြစ်ဖျားပိုင်းမှာ မိုးများတာတွေကြောင့် အခုလို ရေကြီးရတာပါ။ စိုးရိမ်ရေအမှတ်တော့ မရောက်သေးပေမယ့် ၈၀၀ ကျော်ရင် ပဲခူးက အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်ပါတယ်။ မိုးထပ်ရွာဦးမယ် ဆိုရင်တော့ စိုးရိမ်ရေအမှတ် ရောက်လာနိုင်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက ပြောကြားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ အိုးလေးစုရပ်ကွက် ဇိုင်းတောင်ရပ်ကွက်ဇိုင်း မြောက်ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်များရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အဆောက်အအုံများ ရေနစ်မြုပ်နေပြီး ရပ်ကွက်နေပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။

“ဒါက ပဲခူးမှာ ဒီနှစ်ဒုတိယအကြိမ်ပေါ့။ ၁၇ ရက်လောက်ကစပြီး တဖြည်းဖြည်း ပြန်တက်လာတာ။ ပထမအကြိမ်ထက် ပိုများလာတယ်။ လက်လုပ်လက်စားတွေများတဲ့ ရပ်ကွက်ဆိုတော့ ပိုပြီး ဒုက္ခရောက်ကြပါတယ်။ တချို့ကလေးတွေ ကျောင်းမသွားနိုင်ဘူး။ ရေကြီးတော့ အဆိပ်ရှိတဲ့ မြွေတွေလည်း အိမ်တွေ ပေါ်တက်ကြရင် အန္တရာယ်လည်း ရှိပါတယ်။ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေဆို ဆွမ်းခံတောင် ထွက်မရလို့ အခက်အခဲတွေ ကြုံနေရတယ်” ဟု ရေကြီးနစ်မြုပ်နေသော ရပ်ကွက်ရှိ ရပ်ကွက်သားတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်ကို ၈၈၀ စင်တီမီတာဟု သတ်မှတ်ထားပြီး ဇူလိုင် ၁၉ ရက် မွန်းတည့် ၁၂ နာရီတိုင်းတာ ချက်အရ ပဲခူးမြစ်ရေသည် ၈၄၆ စင်မီတာသို့ ရောက်ရှိနေပြီး မိုးဆက်လက်ရွာနေပါက မကြာမီ စိုးရိမ်ရေအမှတ်ထိ ရောက်ရှိလာနိုင်ပြီး ၂၀၁၁ ခုနှစ် မိုးတွင်းကာလတွင် စိုးရိမ်ရေ အမှတ်ကို ကျော်လွန်ကာ ၉၆၀ စင်တီမီတာအထိ ပဲခူးမြစ်ရေ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent