လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံများ နစ်နာမှုမရှိအောင် ညှိနှိုင်းသွားမည်ဟု တိုင်းလုံ/နယ်ဝန်ကြီး ပြောကြား

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံများ နစ်နာမှုမရှိအောင် ညှိနှိုင်းသွားမည်ဟု တိုင်းလုံ/နယ်ဝန်ကြီး ပြောကြား
Published 20 July 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ပြောင်းရွှေ့ခြင်းမရှိသေးသည့် ကျေးရွာများကို အစီရင်ခံစာပါအတိုင်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသခံများအား နစ်နာမှုမရှိစေရန် ညှိနှိုင်းသွားမည်ဟု တိုင်းလုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောကြားသည်။

ဇူလိုင် ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ဒုတိယတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနား၌ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်သူများလည်း နစ်နာမှုမရှိအောင်၊ စီမံကိန်းကိုလည်း ဆက်လုပ်၍ရအောင် ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးသန်းထွန်းအောင်က ဆိုသည်။

“ကံတောရွာက လူနေအိမ်တွေက အားလုံးရွှေ့ပြောင်းပြီး ဖြစ်ပါတယ်။ လျော်ကြေးလည်း ပေးပြီးပြီလို့ သိရပါတယ်။ နောက်တစ်ခုကတော့ ဝက်မှေးရွာမှာ အိမ်ခြေတစ်ရာကျော် ရှိပါတယ်။ အချို့လူနေအိမ်တွေကို ရွှေ့ပြောင်းပြီးဖြစ်ပါတယ်။ မပြောင်းရွှေ့သေးတဲ့ လူနေအိမ်ကတော့ ၂၆ လုံး ရှိပါတယ်။ ဆည်တည်းမှာလည်း အချို့လူနေအိမ်တွေကို ရွှေ့ပြောင်းပြီးဖြစ်တယ်။ မပြောင်းရွှေ့သေးတဲ့ လူနေအိမ်ခြောက်ဆယ်လောက် ကျန်ပါသေးတယ်။ ကျေးရွာတွေ ပြောင်းရွှေ့တာတွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က လက်ရှိအနေအထားမှာလည်း အစီရင်ခံစာပါ အချက်အလက်တွေကို ဒီလုပ်ငန်းဟာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ လစဉ်အစည်းအဝေးမှာ ကျွန်တော်တို့ပြည်သူများကို မနစ်နာအောင် ဒီဘက်က စီမံကိန်းကလည်း ဆက်လက်လို့ရအောင် ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ ဒေသခံများ ပိုင်ဆိုင်သည့်မြေယာများကို ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် မြေယာများအား သိမ်းဆည်းခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရေးဆွဲခဲ့သည့် စုံစမ်းဆေးရေး အစီရင်ခံစာတွင် ကြေးနီစီမံကိန်းအနီးတွင် အစားထိုးမြေဧက ၁၉၀၀ ကို ဖော်ဆောင်ပေးရမည်ဟု ပါရှိကြောင်း သို့သော် လက်ရှိအစိုးရသည် ကြေးနီစီမံကိန်းအနီးတွင် အစားထိုးမြေဧက ၁၉၀၀ အား ဖော်ဆောင်ခြင်းမရှိဘဲ ကနီမြို့နယ်တွင် အစားထိုး မြေဧက ၁၉၀၀ အား ဖော်ဆောင်နေကြောင်း၊ ယင်းကဲ့သို့ ဖော်ဆောင်နေခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံ/ကော် အစီရင်ခံစာအား ဆန့်ကျင်ခြင်းမဟုတ်ကြောင်း တိုင်းစည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ဆိုသည်။

“မရှိတဲ့နေရာကို ကျွန်တော်တို့က ဘယ်လိုလုပ်ဖော်ထုတ်လို့ရမလဲ။ ကျွန်တော်တို့ဟာ ဒီအစီရင်ခံစာကို ဆန့်ကျင်တယ်ဆိုတာ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူး။ သူတို့အတွက် ရှာပေးတာပါ။ ဘယ်နေရာမှာ ဖော်ထုတ်ပေးရင် အဆင်ပြေမလဲဆိုတာပဲ ရှိပါတယ်။ ဒီနေရာကို မဖြစ်မနေ လုပ်ရမယ်လို့ အစိုးရအဖွဲ့က အမိန့်ထုတ်ထားတာ မရှိပါဘူး။ အရင်ကတော့ ဒါကို ပြည်ထောင်စုအစိုးရကပဲ စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဥပဒေ၊ နည်းဥပဒေဘောင်ထဲကနေ လုပ်ပေးမှာပါ။ နစ်နာစေတဲ့ ဆန္ဒ ကျွန်တော်တို့မှာ မရှိဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။

Most Read

Most Recent