<

ရှမ်းပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်နှင့် ဘိန်းညိုမှုန့် အထုပ်အများအပြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စိတ်ကြွဆေးပြားတစ်သိန်းကျော်နှင့် မြောက်ပိုင်းတွင် ဘိန်းညိုမှုန့် အထုပ်အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် ည ၈ နာရီ မိနစ် ၃၀ တွင် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ၀မ်ယန်းကျေးရွာအ၀င်လမ်းတွင် လောတားဆိုသူ မောင်းနှင်ပြီး လော်ဂျာဆိုသူလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ရောက်ရှိလာ၍ ရှာဖွေရာ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၈၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းကြောင့် လောတား (၂၂) နှစ်နှင့် လော်ဂျာ (၃၅) နှစ်တို့ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် ကွတ်ခိုင်-တာမိုးညဲသွား ကားလမ်း၊ နမ့်ဟူးကျေးရွာအနီးတွင် ကျုံးလီခမ်းဆိုသူ မောင်းနှင်လာသည့် မော်တော်ယာဉ်၏ တံခါးလေးဘက်၊ အင်ဂျင်ခန်း၊ မျက်နှာကြက်ခေါင်မိုး၊ ထိုင်ခုံကူရှင်၊ ၀ဲ/ယာ ဘော်ဒီများအတွင်းတို့၌ သိုဝှက်ထည့်သွင်းထားသည့် ဘိန်းညိုမှုန့် ၂၁၈ ထုပ် (ဘိန်းညိုမှုန့် အလေးချိန် ၂၁၈ ကီလို) နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက်ကွင်းဆက် ဖော်ထုတ်ချက်အရ လားရှိုးမြို့တွင် နေထိုင်သူ လော်ဖိန်း (ခ) စိုးနိုင်လင်း (ခ) လီလျိုဆူးဆိုသူအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး အခြားမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများလည်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

July 19, 2018














Copy Protected by Chetan's WP-Copyprotect.