ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ပဉ္စမတန်း ကျောင်းသူတစ်ဦးအား အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက သားမယားပြုကျင့်မှု ကျူးလွန်ခဲ့ပြီး ငွေအပေးအယူ ရှိခဲ့သည်ဆိုသည့် ဖြစ်စဉ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် အမှုဖွင့်

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ပဉ္စမတန်း ကျောင်းသူတစ်ဦးအား အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက သားမယားပြုကျင့်မှု ကျူးလွန်ခဲ့ပြီး ငွေအပေးအယူ ရှိခဲ့သည်ဆိုသည့် ဖြစ်စဉ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် အမှုဖွင့်
Published 19 July 2018

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ပဉ္စမတန်း ကျောင်းသူတစ်ဦးအား အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက သားမယားပြုကျင့်မှု ကျူးလွန်ခဲ့ပြီး ငွေအပေးအယူ ရှိခဲ့သည်ဆိုသည့် ဖြစ်စဉ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းက ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဇူလိုင် ၁၆ ရက်က အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ပဉ္စမတန်း၌ ပညာသင်ယူနေသည့် အသက် ၁၂ နှစ်အရွယ် မ ---- သည် ဇွန် ၃၀ ရက် ည ၈ နာရီက သူမ နေထိုင်သည့် နေအိမ်၏ ယာဘက်ရှိ အိမ်သို့ တီဗွီကြည့်ရန် သွားခဲ့ကြောင်း၊ ယင်းသို့ သွားနေစဉ် သူမ၏ နေအိမ် အရှေ့ဘက် ကပ်လျက်ရှိ အိမ်မှ အသက် ၁၇ အရွယ် မောင်ဝေယံဖြိုးက အိမ်သာထဲသို့ ဆွဲခေါ်၍ သားမယားပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပေါ်ခဲ့သည်ကို မ---- အား အကြိမ်ကြိမ် မေးမြန်းခဲ့ပြီးနောက် သူမ၏ မိဘများက သိရှိခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူအချို့လည်း သိရှိခဲ့ကြောင်း၊ ထိုသို့ သိရှိပြီးနောက်ပိုင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများတွင် အမှုဖွင့်ခြင်းမရှိခဲ့ဘဲ ငွေအပေးအယူ ရှိခဲ့သည်ဟု ကြားသိရကြောင်း ယင်းကျေးရွာ ဒေသခံများနှင့် ဦးအောင်ဝင်းထံမှ သိရသည်။

ယင်ကျေးရွာတွင် အဆိုပါကဲ့သို့ ဖြစ်စဉ်မျိုး ယခင်ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ကာ ငွေအပေးအယူဖြင့်ပင် ပြီးခဲ့ကြောင်း ယင်းအခြေအနေများကို ကျေးရွာနေ ပြည်သူအချို့က ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထံ သတင်းပေး တိုင်ကြားခဲ့သောကြောင့် ဝန်ကြီးချုပ်က သူ၏ ကိုယ်ရေးအရာရှိအား တရားလိုပြုလုပ်၍ အမှုဖွင့်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“အဲ့ဒီ့ကျေးရွာမှာ သက်ငယ်မုဒိမ်းမှု ဖြစ်သွားတယ်။ အဲဒီကိစ္စကို ကာယကံရှင်တွေက ဆင်းရဲနွမ်းပါးမှုအပေါ်မှာ ငွေကြေးနဲ့ အလျော်အစား လုပ်ထားတယ်။ အဲဒီတော့ ဒီငွေကြေး အလျော်အစား လုပ်ထားတဲ့အတွက် ကာယကံရှင်များလည်း ရဲစခန်းသွား အမှုမဖွင့်ဘူး။ အဲဒီတော့ အမှုက အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ပေါင်းပြီး ဖျောက်ထားသလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ တရားဥပဒေ စိုးမိုးရေးအတွက်ကို တိုင်းဝန်ကြီးချုပ်ကနေ အမှုသွားဖွင့်ပါဆိုလို့ ဖွင့်ခဲ့တာ” ဟု ဦးအောင်ဝင်းက ပြောကြားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အား ဇူလိုင် ၁၈ ရက်က မီဒီယာများက မေးမြန်းခဲ့ရာ ဖြစ်စဉ်ကို ကြားသိခဲ့ရသော်လည်း သူက အမှုဖွင့်ရန် မေးမြန်းသည့်အခါ ကျူးလွန်ခံရသည့် ကျောင်းသူ၏ ဖခင်က အမှုမဖွင့်လိုဟု ပြောခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အနေဖြင့် ငွေကြေးအပေးအယူ ကိစ္စများကိုလည်း မသိခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်ကို ခေါင်းစဉ်တပ်၍ ပြောကြားရန်ပင် ဝန်လေးမိသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူထံသို့လည်း မတင်ပြခဲ့ကြောင်း ဖြေကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်လို့ ကင်းစင် ပပျောက်စေချင်တယ်။ အဂတိလိုက်စားမှုကိုလည်း ကင်းစင် ပပျောက်စေချင်တယ်။ ကျွန်တော့်ရွာကို ကောင်းတာပဲ မြင်စေချင်ပါတယ်။ ဒီအမှုမျိုးတွေကို နောက်နောင်ဖြစ်မှာစိုးလို့ တာဝန်သိ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်”ဟု ယင်းကျေးရွာမှ ဦးအေးနိုင်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခံရသည့် ကျောင်းသူ၏ အဒေါ်တစ်ဦးအား မေးမြန်းရာ သူမအနေဖြင့် ဖြစ်စဉ်ကို ကြားသိရစဉ်က ယင်းကိစ္စကို ဝင်ရောက်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သူမနှင့် သဘောထားချင်း မတူဘဲ ဆုံးဖြတ်ခြင်းများ ရှိသောကြောင့် လုံးဝဆွေးနွေး တိုင်ပင်မှု မရှိတော့ကြောင်း ဖြေကြားသည်။

ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဇော်ဇော်က “၃၀ ရက် ခြောက်လပိုင်းက ဖြစ်တယ်လို့ ဖြစ်စဉ် တက်လာပါတယ်။ တိုင်တာကတော့ ဇူလိုင် ၁၆ ရက်မှာ ဝန်ကြီးချုပ်ကြီးရဲ့ ကိုယ်ရေးအရာရှိ ကိုအောင်ဝင်းက အမှုဖွင့်တယ်။ မြို့မစခန်းအနေနဲ့ အမှုရေးဖွင့်ပြီးတော့ ဆောင်ရွက်တယ်။ ကျွန်တော့်ဆီမှာ အမှုကြီး အစီရင်ခံစာနဲ့ ဖြစ်စဉ် ၁၉ ချက် တက်လာပါတယ်။ တက်လာတဲ့အချိန်မှာ တရားခံ ဖမ်းဆီးရေး၊ နစ်နာတဲ့ ကလေးမလေးနဲ့ တရားခံကို ဆေးစစ်ချက် ရယူရေး ဆောင်ရွက်ထားပါတယ်”ဟု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကို ပွင့်ဖြူမြို့နယ်မြေ ရဲစခန်းက (ပ) ၁၄၄/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent