မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက် JMC-S အဆင့်တွင် မွန်ပြည်နယ်တစ်ခုတွင်သာ ပါဝင်ခွင့်ပေးခြင်းအပေါ် ကျေလည်မှုမရှိဟု NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ပြောကြား

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက် JMC-S အဆင့်တွင် မွန်ပြည်နယ်တစ်ခုတွင်သာ ပါဝင်ခွင့်ပေးခြင်းအပေါ် ကျေလည်မှုမရှိဟု NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ပြောကြား
Published 19 July 2018

မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အခြေချ လှုပ်ရှားနေသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် မွန်ပြည်နယ် တစ်နေရာတည်းတွင်သာ ပါဝင်ခွင့်ပေးခြင်းအပေါ် ကျေလည်မှုမရှိကြောင်း NMSP ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပြီးတွင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြန်မပေးသေးဘူး။ နောက်ပြီးတော့ JMC State အဆင့်မှာ မွန်ပြည်နယ် တစ်နေရာမှာပဲ ပါဝင်ခွင့်ပေးတယ်။ တခြားအန်ကယ်တို့ရဲ့ တပ်လှုပ်ရှားမှုက ကရင်ပြည်နယ်မှာလည်း ရှိတယ်။ တနင်္သာရီတိုင်းမှာလည်း ရှိတယ်။ အဲဒီနေရာတွေကို သူတို့မပေးဘူး။ မပေးဘူး ဆိုတော့လည်း အန်ကယ်တို့ကလည်း ဒါကို မကျေလည်ဘူး” ဟု နိုင်ဟံသာက ပြောကြားသည်။

KNU သည် ၎င်းလှုပ်ရှားမှုနယ်မြေများဖြစ်သည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးများရှိ JMC-S အဆင့်တိုင်းတွင် ပါဝင်ခွင့်ရနေပြီး NMSP သည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် လှုပ်ရှားမှုများ ရှိသော်လည်း မွန်ပြည်နယ် JMC-S အဆင့်တွင်သာ ပါဝင်ခွင့် ရရှိထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဥပမာ ကရင်ဆိုရင် မွန်ပြည်နယ်မှာလည်း ရတယ်။ ကရင်ပြည်နယ်မှာလည်း ရတယ်။ တနင်္သာရီတိုင်းမှာလည်း ရတယ်။ ပဲခူးမှာလည်း ရတယ်။ သူတို့ နေရာအများကြီး ရထားတယ်။ မွန်တွေကျတော့ ဟိုဘာကြောင့်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ မွန်ပြည်နယ်တစ်ခုတည်း ပေးတယ်။ ဆိုတော့ အန်ကယ်တို့က ဒါကို မကျေလည်ဘူး။ အန်ကယ်တို့က ဒီနောက်ပိုင်းမှ ပါဝင်လက်မှတ်ထိုးလာတော့ သဘောကတော့ တစ်ဖက်ကတော့ အားပေးတဲ့သဘောပေါ့” ဟု နိုင်ဟံသာက ပြောကြားသည်။

သို့သော်လည်း မွန်ပြည်သစ်ပါတီအနေဖြင့်မူ ၎င်းလှုပ်ရှားမှုရှိသော တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်ရှိ JMC-S များတွင် ပါဝင်ခွင့်ရှိရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) တွင် တင်ပြထားကြောင်း သိရသည်။

Most Read

Most Recent