တောင်ဥက္ကလာပမြို့နယ် အလှပြင်ဆိုင်လုပ်ငန်းမှ ဖမ်းမိသည့် တရုတ်ပြည့်တန်ဆာ ၁၇ ဦးနှင့် ဆိုင်ဝန်ထမ်းများအား ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရဲအုပ်နှင့် တပ်ကြပ်ကြီးအား စစ်ဆေး

တောင်ဥက္ကလာပမြို့နယ် အလှပြင်ဆိုင်လုပ်ငန်းမှ ဖမ်းမိသည့် တရုတ်ပြည့်တန်ဆာ ၁၇ ဦးနှင့် ဆိုင်ဝန်ထမ်းများအား ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရဲအုပ်နှင့် တပ်ကြပ်ကြီးအား စစ်ဆေး
Published 19 July 2018

တရားစွဲခံထားရသည့် တရုတ်နိုင်ငံသူများအား ဇူလိုင် ၁၈ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- အောင်ထက်ခိုင်)

တောင်ဥက္ကလာပမြို့နယ် (၈) ရပ်ကွက်ရှိ အလှပြင်ဆိုင် လုပ်ငန်းတစ်ခုမှ ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသူ ၁၇ ဦး၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများအား ပြည့်တန်ဆာ ဥပဒေများဖြင့် အရေးယူထားမှု တောင်ဥက္ကလာပမြို့နယ် တရားရုံး၌ ဇူလိုင် ၁၈ ရက်တွင် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ၃ (က)/(ခ) ဖြင့် အလှပြင်ဆိုင်လုပ်ငန်းမှ ဖမ်းမိသည့် တရုတ်ပြည့်တန်ဆာ လီထင် ပါ ၁၇ ဦးအမှုအတွက် တရားလိုပြ သက်သေ တပ်ကြပ်ကြီး မိုးသူရအား စစ်ဆေးခဲ့ပြီး ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ၅(၁) ဖြင့် ဆိုင်ဝန်ထမ်းများ ဖြစ်သည့် ဖုန်အန်သင်း ပါ ၁၁ ဦး အမှုအတွက် တရားလိုပြ သက်သေ ရဲအုပ် ရာဇာမြငြိမ်းနှင့် တရားလိုပြ သက်သေ တပ်ကြပ်ကြီး သန်းလွင် စစ်ဆေးခဲ့ကြောင်း၊ မြို့နယ်တရားသူကြီးမှ စစ်ဆေးပြီးနောက် ရုံးချိန်အား လာမည့် ဇူလိုင် ၁၈ ရက်သို့ ပြန်လည် ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ အလှပြင်ဆိုင်ပိုင်ရှင် မစ္စတာဝမ် (ခေါ်) ဝမ်ဖင်မှာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် အလှပြင်ဆိုင်လုပ်ငန်းမှ ဆိုင်ပိုင်ရှင်ဖြစ်သူအား စုံစမ်းစစ်ဆေးနေကြောင်း၊ သက်ဆိုင်ရာ နယ်စပ်ဂိတ်များအား အကြောင်းကြားထားကြောင်း၊ တရားခံပြေး ကြေညာရန် ဖမ်းဝရမ်း ထုတ်ထားကြောင်း၊ အမှုရင်ဆိုင်နေရသည့် တရုတ်ပြည့်တန်ဆာ ၁၇ ဦးနှင့် တရုတ်နိုင်ငံသား နှစ်ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုနှင့် ထပ်မံ တရားစွဲဆိုရန် ဥပဒေအကြံ တင်ထားကြောင်း၊ ဥပဒေအကြံ ပြန်ကျပြီးမှ လ.ဝ.က ဥပဒေဖြင့် ထပ်မံ တရားစွဲဆိုမည် ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ရွှေဌေး၏ ပြောကြားချက်အရ သိရသည်။

မေ ၂၂ ရက်တွင် တောင်ဥက္ကလာပမြို့နယ် (၈) ရပ်ကွက်ရှိ Oriental Spa အမည်ရှိသည့် လိုင်စင်မရှိသော အလှပြင်ဆိုင်လုပ်ငန်း တစ်ခုကို သက်သေများနှင့်အတူ ဝင်ရောက် စစ်ဆေးခဲ့ရာတွင် ပြည့်တန်ဆာဟုဆိုသည့် တရုတ်နိုင်ငံသူ ၁၇ ဦး၊ တရုတ်နိုင်ငံ ဟူပိန်ပြည်နယ်နေ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမရှိသော တရုတ်နိုင်ငံသား ဆိုင်မန်နေဂျာ Peng An Ting (၃၉ နှစ်) နှင့်အတူ တရုတ်နိုင်ငံသား နှစ်ဦး၊ ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦး အပါအဝင် အခြားသော ဆိုင်ဝန်ထမ်း အမျိုးသား သုံးဦးနှင့် အမျိုးသမီး ငါးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

Most Read

Most Recent