အောင်လံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပြီး ပြန်လာသည့်တောင်သူများ ခါးပိုက်နှိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေ

အောင်လံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပြီး ပြန်လာသည့်တောင်သူများ ခါးပိုက်နှိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေ
Published 19 July 2018

စိုက်ပျိုးစရိတ် ချေးငွေထုတ်ရန် စောင့်ဆိုင်းနေသည့် တောင်သူများအား တွေ့ရစဉ်

မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပြီး ပြန်လာသည့် တောင်သူများ ခါးပိုက်နှိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများထံမှ သိရသည်။

အောင်လံမြို့နယ်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိပြီး တောင်သူများချေးငွေထုတ်ချေးပြီးအပြန် ကားပေါ်နှင့် သုံးဘီးဆိုင်ကယ်များအပေါ်တွင် ခါးပိုက်နှိုက်ခံရမှုများ ဖြစ်ပွားနေကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အောင်လံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ကြူကြူဝင်းက “ဒီလိုခါး ပိုက်အနှိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ခဏခဏကြားနေရတော့ ငွေထုတ်ပေးရင် တောင်သူတွေကို သေချာမှာရတယ်။ ခါးပိုက်အနှိုက်ခံတဲ့လူတွေ ရှိနေတယ်လို့ သိရတယ်။ ငွေတွေကို သတိထားသိမ်းပြီး ယူကြပါ။ သတိထားကြပါပေါ့။ ကိုယ့်အဖွဲ့ထဲ လူစိမ်းပါမပါကြည့်ကြပါ။ သတိထားကြပါလို့ ငွေထုတ်ပေးတိုင်း တောင်သူတွေကို သတိပေးမှုတွေ လုပ်နေရတယ်။ လက်ရှိတော့ငွေထုတ်ပေးတဲ့ နေရာကို ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးလာပေးတာမျိုးတွေ ရှိပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်ကလည်း အောင်လံမြို့နယ် အင်းလယ်အုပ်စု ဗိုလ်ကုန်းကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးစိုက်ပျိုး စရိတ်ချေးငွေ လေးသိန်းခန့် ခါးပိုက်နှိုက်ခံခဲ့ရကြောင်း သိရသည်။

“ကျွန်တော်ဇူလိုင် ၁၆ ရက်က စိုက်ပျိုးစရိတ်ချေးငွေ လေးသိန်းထုတ်ပြီး မြို့ထဲကို ဈေးသွားဖို့ထွက်အလာ လူတစ်ယောက်နဲ့ ဝင်တိုက်မိသွားတယ်။ အဲဒီနောက်သုံးဘီးငှားပြီး သုံးဘီးအပေါ်လည်းရောက် မူးလာပြီး ဘာမှမသိတော့ဘူး။ သတိရတဲ့အချိန်ကျတော့ ပိုက်ဆံကတစ်ပြားမှ မရှိတော့ဘူး။ တို့ဆေးအတို့ခံရတယ်လို့တော့ထင်တာပဲ။ လူက မူးလာပြီး အရှေ့အနောက်ကို မသိတော့တာ။ နှိုက်သွားတာလဲ မသိလိုက်ဘူး။ ဒါနဲ့ပတ်သက်ပြီး စခန်းကိုတော့ တိုင်ချက်ဖွင့်တာမျိုးဘာမျိုးတော့ လုပ်မထားပါဘူး” ဟု အင်းလယ်အုပ်စု ဗိုလ်ကုန်းကျေးရွာဒေသခံ ကိုသောင်းရီက ပြောကြားသည်။

အလားတူ ဇူလိုင်လထဲတွင် မိုးကောင်းကျေးရွာ ဒေသခံတောင်သူတစ်ဦးနှင့် ကျောက်ဆည်ကျေးရွာဒေသခံ တောင်သူတစ်ဦး စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီး အပြန်ခါးပိုက်နှိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လကုန်ကလည်း စိုက်ပျိုးစရိတ် ချေးငွေထုတ်ပြီး ပြန်လာသည့် တောင်သူတစ်ဦး ပိုက်ဆံအလုခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအောင်လံမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၉၀ ကျော်ရှိသည့်အနက် ကျေးရွာအုပ်စု ၇၀ ကျော်ကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးပြီ ဖြစ်သည်။

Most Read

Most Recent