မအူပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အသက် ၈၀ ကျော် အဘိုးအိုနှင့်အဘွားအို အသတ်ခံရသည့်အမှုတွင် ကျူးလွန်သူဟု ယူဆရသူအား ဖမ်းဆီးရမိ

မအူပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အသက် ၈၀ ကျော် အဘိုးအိုနှင့်အဘွားအို အသတ်ခံရသည့်အမှုတွင် ကျူးလွန်သူဟု ယူဆရသူအား ဖမ်းဆီးရမိ
Published 19 July 2018

မအူပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အသက် (၈၀) ကျော် အဘိုးအိုတစ်ဦးနှင့် အဘွားအိုတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံရသည့်အမှုတွင် ကျူးလွန်သူဟု ယူဆရသူအား ဇူလိုင် ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက်တွင် ပေကုန်းကျေးရွာနေ ဦးတင်လှိုင် အသက် (၈၀) နှစ်နှင့် ၎င်း၏ ဇနီးဒေါ်ရီ အသက် (၈၁) နှစ်တို့မှာ ယင်းတို့၏ နေအိမ်မှာပင် လည်ပင်းပြတ်ရှ ဒဏ်ရာများနှင့် သေဆုံးနေသည် တွေ့ရှိရသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကျွဲဒုံးနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ကျွဲဒုံးနယ်မြေရဲစခန်းမှ အခင်းဖြစ်နေရာသို့ လာရောက်စစ်ဆေးခဲ့ပြီး အနီးဝန်းကျင် သက်သေများမှတစ်ဆင့် စုံစမ်းစစ်ဆေးရာတွင် ဦးတင်လှိုင်နှင့် ဒေါ်ရီတို့ သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့သည့် ဦးဝဏ္ဏစိုးအား အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသဖြင့် စုံစမ်းစစ်ဆေးရာ၌ ဦးဝဏ္ဏစိုးဝတ်ဆင်ထားသည့် အင်္ကျီတွင် သွေးစက်အချို့နှင့် ဘယ်ဘက်ဒူးခေါင်းတွင် ဒဏ်ရာမရှိဘဲ သွေးအနည်းငယ်ပေနေသည်ကို တွေ့ရှိခြင်း၊ ဦးဝဏ္ဏစိုး၏ နေအိမ်တွင် တွေ့ရှိရသည့်ပုဆိုးတွင် သွေးစက်များ တွေ့ရှိရခြင်း၊ နေအိမ်ရှိ ဓားတစ်လက်တွင် သွေးစက်များ တွေ့ရှိရခြင်းကြောင့် ဦးဝဏ္ဏစိုးအား ချုပ်ရက်ရမန်ယူ၍ ဖမ်းဆီးစစ်ဆေးရာတွင် ဦးဝဏ္ဏစိုးက ဦးတင်လှိုင်နှင့် ဒေါ်ရီတို့အား သတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း၊ သတ်ခဲ့ရသည့် အကြောင်းရင်းမှာ ဦးဝဏ္ဏစိုးအား ဦးတင်လှိုင်နှင့် ဒေါ်ရီတို့က လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာ အငှားပေးလုပ်ကိုင်စေခဲ့သည့် ကွမ်းခြံအား ပြန်လည်တောင်းခံသောကြောင့် ဦးတင်လှိုင်နှင့် ဒေါ်ရီတို့နေအိမ်မှာပင် ဒေါ်ရီနှင့် အငြင်းပွားခဲ့ပြီး ဒေါ်ရီအား အသင့်ပါလာသော ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း၊ ဒေါ်ရီနှင့် အငြင်းပွားနေချိန်တွင် ဦးတင်လှိုင်မှာ အိပ်ရာမှ နိုးလာသောကြောင့် ဦးတင်လှိုင်ကိုပါ ထပ်မံသတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။

“စတင်ပြီးတော့ အသတ်ခံရကြောင်းကို သတင်းပေးတဲ့ ဦးဝဏ္ဏစိုးက အသတ်ခံရသူနဲ့ဆို တူတော်တယ်။ ကျွန်တော်တို့ ဦးဝဏ္ဏစိုးကို မသင်္ကာလို့ စစ်ဆေးကြည့်တော့ သူ့အဝတ်အစားတွေမှာ သွေးတွေစွန်းနေတာ။ အရင်က သေဆုံးသူတွေနဲ့ အငြင်းပွားမှုတွေ ရှိတာကိုသိရလို့ စစ်ဆေးတော့ ဦးဝဏ္ဏစိုးက သူ့ကိုပေးလုပ်ထားတဲ့ ကွမ်းခြံကိုပြန်တောင်းတာကြောင့် သတ်မိတာပါလို့ ဝန်ခံခဲ့တယ်” ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မအူပင်မြို့နယ် ကျွဲဒုံးနယ်မြေရဲစခန်းမှ (ပ) ၃၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး ကျူးလွန်သူဟု စွပ်စွဲခံရသူ ဦးဝဏ္ဏစိုး အသက် (၄၁)နှစ် ဘ ဦးတင်ရွှေအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent