ရုရှားကွင်းလယ်လူ ဂိုလိုဗင်အား မိုနာကိုအသင်း ကမ်းလှမ်း

ရုရှားကွင်းလယ်လူ ဂိုလိုဗင်အား မိုနာကိုအသင်း ကမ်းလှမ်း
Published 18 July 2018

Photo: Getty Images

ပြင်သစ်ကလပ် မိုနာကိုအသင်းဒု-ဥက္ကဋ္ဌ ဗာဆယ်ယက်ဗ်က ရုရှားကလပ် CSKA ကွင်းလယ်လူ ဂိုလိုဗင်အား ကမ်းလှမ်းခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂိုလိုဗင် (၂၂ နှစ်)သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ရုရှားအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် တောက်ပလာသူဖြစ်ပြီး ၎င်းအား ခေါ်ယူရန် အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့ အပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြကြောင်း သိရသည်။

မိုနာကိုအသင်းဒု-ဥက္ကဋ္ဌ ဗာဆယ်ယက်ဗ်က "ဂိုလိုဗင်အတွက် CSKA မော်စကိုအသင်းထံ ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ ဘယ်လောက်နဲ့ ကမ်းလှမ်းထားတယ်ဆိုတာတော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ ထိုက်သင့်တဲ့ကြေးနဲ့ ကမ်းလှမ်းထားတာပါ"ဟု ပြောကြားခဲ့သည်။

ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ဂိုလိုဗင်၏ တန်ကြေးမှာ ယူရို(၁၈)သန်းရှိကြောင်း သိရသည်။

ဂိုလိုဗင်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင် ရုရှားအသင်းအတွက် ပွဲစဉ် (၅)ပွဲစလုံးပါဝင်ကစားခဲ့ပြီး (၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent