လာမည့်ရက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကော်တိုအာ၏အပြောင်းအရွှေ့ကိစ္စကို ကြေညာဖွယ်ရှိသည်ဟု မီဒီယာများ ဖော်ပြ

လာမည့်ရက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကော်တိုအာ၏အပြောင်းအရွှေ့ကိစ္စကို ကြေညာဖွယ်ရှိသည်ဟု မီဒီယာများ ဖော်ပြ
Published 18 July 2018

Photo: Marca

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ အပြောင်းအရွှေ့ကို လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်ကြေညာဖွယ်ရှိကြောင်း မီဒီယာများကဖော်ပြလျက်ရှိသည်။

ချယ်လ်ဆီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ကော်တိုအာ၏အပြောင်းအရွှေ့အတွက် သဘောတူညီမှုရခဲ့ပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး မကြာခင်အတည်ပြုကြေညာဖွယ်ရှိနေသည်။

၂၀၁၈ ကမ္ဘာ့ဖလား ရွှေလက်အိတ်ဆုရှင်ကော်တိုအာသည် ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမတိုးဘဲ အသင်းမှထွက်ခွာရန် စီစဉ်လျက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်ပြီး လက်ရှိအချိန်တွင် ရီးယဲလ်သို့ပြောင်းရွှေ့ရန်နီးစပ်နေခြင်း ဖြစ်သည်။

အက်သလက်တီကိုအသင်းတွင် (၃)ရာသီကြာ အငှားသွားရောက်ကစားခဲ့ဖူးသည် ကော်တိုအာသည် မက်ဒရစ်မြို့သို့ပြောင်းရွှေ့လို သည်ဟု ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး သူ၏မိသားစုမှာလည်း မက်ဒရစ်တွင် အခြေချနေထိုင်လျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းဂိုးသမား ဒီဂီယာအား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သောကြောင့် ကော်တိုအာကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် (၃၁)သန်း (ယူရို ၃၅)သန်းဖြင့် ကမ်းလှမ်းခဲ့ရာ ချယ်လ်ဆီးအသင်းက လက်ခံခဲ့ဖြစ်ကြာင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။

အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သည့် အသက် (၂၆)နှစ်အရွယ်ရှိကော်တိုအာအား ချယ်လ်ဆီးအသင်းသည် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခဲ့သော်လည်း လစာငွေပြဿနာနှင့် ကစားသမားကိုယ်တိုင် အသင်းမှ ထွက်ခွာရန် စိတ်အားထက်သန်နေခြင်းကြောင့် အဆင်မပြေခဲ့ကြောင်း သိရသည်။

ကော်တိုအာသည် ချယ်လ်ဆီးအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၅၄)ပွဲအထိ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၂)ကြိမ်၊ FA ဖလား (၁)ကြိမ်နှင့် လိဂ်ဖလား (၁) ကြိမ်ရယူနိုင်ခဲ့သည်။

Most Read

Most Recent