ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေအသစ်တွင် အီးစီးကရက်သုံးစွဲမှု ထိန်းချုပ်ရေး စည်းမျဉ်းဥပဒေများ ထည့်သွင်းနိုင်ရန် လွှတ်တော်ကျန်းမာရေး ကော်မတီက လုပ်ဆောင်မည်

ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေအသစ်တွင် အီးစီးကရက်သုံးစွဲမှု ထိန်းချုပ်ရေး စည်းမျဉ်းဥပဒေများ ထည့်သွင်းနိုင်ရန် လွှတ်တော်ကျန်းမာရေး ကော်မတီက လုပ်ဆောင်မည်
Published 18 July 2018

ဈေးကွက်အတွင်း ရောင်းချနေသည့် စီးကရက်ဘူးများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အသစ်ပြင်ဆင် ရေးဆွဲနေသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းဆိုင်ရာ ဥပဒေတွင် အီးစီးကရက်နှင့် ရေပြောင်းသုံးစွဲမှု ထိန်းချုပ်ခြင်း စည်းမျဉ်းဥပဒေများ ထည့်သွင်းပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။

အီးစီးကရက် ဆိုသည်မှာ E-cigarette  ဟုခေါ်ပြီး အီလက်ထရွန်နစ်စနစ်နှင့် ပြုပြင်ဖန်တီးထားသည့် စီးကရက်ကဲ့သို့ အငွေ့ထွက်စေသည့် ပစ္စည်းတစ်ခု ဖြစ်ကြောင်း၊ အမှန်အားဖြင့် စီးကရက်ဟု ခေါ်ဝေါ်ထားသော်လည်း ပုံမှားရိုက်ထားသည့် စီးကရက်ပစ္စည်း အတုတစ်ခု ဖြစ်ကြောင်းနှင့် စီးကရက်နှင့် ပုံသဏ္ဌာန်တူအောင် ပြုလုပ်ထားပြီး မူလထုတ်လုပ်သူ၏ ရည်ရွယ်ချက်မှာ စီးကရက်စွဲလမ်းနေသူများ စီးကရက်ပြတ်စေလိုသည့် သဘောဖြင့် စီးကရက်ကို မီးရှို့ရှူရှိုက်ရာတွင် ပါဝင်သည့် နီကိုတင်းကို အခြားနည်းလမ်း တစ်ခုဖြင့် အစားထိုးပေးသည့် ကိရိယာတစ်မျိုးအဖြစ် တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ သုံးစွဲလာတဲ့ အီးစီးကရက်တို့၊ ရေပြောင်းတို့ဆိုတာ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမှာ မပါသေးတဲ့ ထည့်သွင်းရမယ့် ကိစ္စတစ်ခုပါ။ ဒီကိစ္စကလည်း  ဆေးရွက်ကြီးတွေကို ထည့်ပြီးသုံးတာ ဖြစ်တဲ့အတွက် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲရေးထဲမှာတော့ အကျုံးဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။ သူရဲ့ဖြစ်စဉ်ကလည်း ကျန်းမာရေးအရဆိုရင် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသလို ဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဒုက္ခပေးမှုကလည်း အတူတူပဲဖြစ်တယ်။ အီးစီးကရက်ရဲ့ ရည်ရွယ်ချက်ကတော့ စီးကရက်ပြတ်ဖို့ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ စီးကရက်ပြတ်ဖို့ မဟုတ်ဘဲ စီးကရက်သောက်ဖို့ အစပျိုးသလိုတောင် ဖြစ်လာတယ်။ အီးစီးကရက်ကို ၂၀၀၃ ခုနှစ်က စသောက်လာတယ်။ ၁၀ နှစ်ကျော်အတွင်း အီးစီးကရက် သောက်တဲ့သူတွေ ပိုပိုများလာတယ်။ သောက်တဲ့သူတွေကလည်း တစ်ယောက်မှ ပြတ်သွားတာမျိုး မရှိဘူး။ ဆက်ပြီး သောက်နေကြတဲ့အတွက် သူ့ရဲ့မူလ ရည်ရွယ်ချက်ကတော့ အောင်မြင်ပုံမရဘူး။ ဒါကို မသုံးစွဲဖို့ အရေးကြီးပါတယ်။ လောလောဆယ် အသစ်ပြင်ဆင်နေတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေမှာ ဒီအီးစီးကရက်နဲ့ ရေပြောင်းသုံးစွဲမှု ထိန်းချုပ်ရေးကို ထည့်သွင်းလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်” ဟု ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ပြောကြားသည်။

အစိုးရအနေဖြင့် တစ်ဖက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုကို အားထည့်ဆောင်ရွက်နေစဉ် ဥပဒေ၏ ဟာကွက်များကို အခြေပြုပြီး အီးစီးကရက်၊ ရေပြောင်း (Water Pipe) စသော ဆေးရွက်ကြီးထွက်ပစ္စည်းများ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို သုံးစွဲသည့် အလေ့အထသည် မြန်မာလူငယ်များအပေါ် ထိုးဖောက်ဝင်ရောက်လာလျက် ရှိခြင်းကြောင့် အထူးအလေးပေးပြီး ကြိုတင်ပြင်ဆင်မှုများ၊ ကာကွယ်မှုများ ဆောင်ရွက်ရန် သတိပေးနေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေး ကွန်ဗင်းရှင်း အဖွဲ့အစည်းများ ညီလာခံတွင် အီးစီးကရက်ကို နိုင်ငံအများအပြားတွင် သုံးစွဲလာမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်က စတင်လေ့လာမှုများ ပြုလုပ်ပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ငါးကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ ညီလာခံတွင် အီးစီးကရက်ဆိုင်ရာ အစီရင်ခံစာ တင်ပြခဲ့ပြီး ဖြစ်ကြောင်းနှင့် ထိုအစီရင်ခံစာအရ ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခွင့် လုံးဝပိတ်သိမ်းရန်နှင့် ပြည်တွင်း၌ အသုံးပြုခြင်းကိုလည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်မှု၊ ကန့်သတ်မှုများ ထားရှိဆောင်ရွက်ရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုမှာ တစ်နေ့တခြား တိုးတက်လျက် ရှိသည့်အပြင် ပစ္စည်းအမျိုးအစား စုံလင်ပြီး ထုတ်လုပ်မှု အရေအတွက် တိုးပွားလာသကဲ့သို့ ပစ္စည်းတန်ဖိုးမှာလည်း အာဆီယံနိုင်ငံများ အကြားတွင် အနည်းဆုံးဈေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်း၊ ပြည်တွင်း၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခါအားလျော်စွာ အခွန်တိုးမြှင့်  ကောက်ခံသည့်တိုင်အောင် တက်လာသည့် ဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလျက် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် သုံးစွဲမှု လျော့နည်း ကျဆင်းရေးအတွက် ဥပဒေထုတ်ပြန်ပြီး ထိန်းချုပ်မှုများ ဆောင်ရွက်နေသော်လည်း ဥပဒေလိုက်နာစေရန် ပညာပေးမှုနှင့် ဥပဒေချိုးဖောက်မှုများကို အပြစ်ပေး အရေးယူမှုများ အားနည်းနေသေးကြောင်း သိရသည်။

လက်ရှိ အသက် ၁၃ မှ ၁၅ နှစ်အကြား ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ်၊ ကွမ်းယာစားသုံးမှုနှုန်း မြင့်မားနေသည့်အတွက် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အထူးစီမံချက် ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

Most Read

Most Recent