အင်းလျားကန်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွား

အင်းလျားကန်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွား
Published 18 July 2018

ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက အင်းလျားကန်အတွင်း လေဆင်နှာမောင်း တိုက်ခတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာခြည်လင်း)

ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် အင်းလျားကန်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။

ထိုလေဆင်နှာမောင်းသည် ဇူလိုင် ၁၇ နံနက်ပိုင်း ၈ နာရီကျော်ခန့်က မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အနီးရှိ အင်းလျားကန် ရေပြင်တွင် တိုက်ခတ်ခဲ့ကြောင်း သိရသည်။

နှစ်မိနစ်ခန့် တိုက်ခတ်ခဲ့ပြီး ထိုလေဆင်နှာမောင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

“လေဆင်နှာမောင်း တိုက်တာက အပြင်းကြီးတော့ မဟုတ်ဘူး။ အစ်ကိုတို့နဲ့ ၃၀၀ မီတာ အဝေးလောက်ကနေ အနောက်ကိုရွေ့သွားပြီး ပျောက်သွားတာ။ သိသလောက်တော့ အစ်ကိုတို့ ပတ်ဝန်းကျင်မှာ ပျက်စီးဆုံးရှုံးမှု မတွေ့ဘူး” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သူ ကိုစည်သူဟိန်းက ပြောကြားသည်။

ယခုဖြစ်စဉ်သည် မိုးတိမ်တောင်ကြောင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းဖြစ်ပြီး ယခင်က ယင်းကဲ့သို့ ဖြစ်စဉ်မျိုးသည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများတွင်သာ ဖြစ်ပွားသော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးတွင်းကာလများတွင်ပါ ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားလာကြောင်း မိုးလေဝသ ပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“အခုဖြစ်စဉ်က မိုးတိမ်တောင်ကြောင့် ဖြစ်တာ။ အခုလိုဖြစ်စဉ်မျိုးက အရင်တုန်းကဆို မိုးဦးနဲ့မိုးနှောင်းမှာပဲ ဖြစ်တာများတယ်။ အခုနောက်ပိုင်း ရာသီဥတု ဖောက်ပြန်လာတော့ မိုးလယ်မှာလည်းဖြစ်တယ်။ ရာသီဥတု ပူနွေးလာပြီး ကတ္တရာလမ်းတွေကနေ အပူပြန်ပြီး အခုလို အပူပြန်တဲ့ဖြစ်စဉ်ကို ဖြစ်စေတယ်။ ဒီမိုးတိမ်တောင်ဆိုတာ အပူပြန်တဲ့ ဖြစ်စဉ်ကိုး။ အဲဒီလိုဖြစ်စဉ်တွေကြောင့် အခုလိုနေရာကွက်ပြီး လေဆင်နှာမောင်းတွေ ဖြစ်တာ။ ဘာဖြစ်လို့ အင်းလျားကန်ကြီးမှာ ဖြစ်လဲဆိုတော့ အင်းယားကန်က ရေငွေ့ ပိုရတယ်။ အဲဒါကြောင့် အဲဒီလို နေရာမျိုးတွေမှာ ဖြစ်တာ” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက် ညပိုင်းတွင်လည်း ရန်ကုန်မြို့ ဆိပ်ကြီးခနောင်တို မြို့နယ်တွင် လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အိမ်ခြေအချို့ ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်စဉ်သည် အပူပျံတက်တိမ်များကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခြင်း၊ နေရာကွက် မိုးထစ်ချုန်း ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် စိုက်စင်းလေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွားကြောင်း သိရသည်။

 

Most Recent