မြေယာသိမ်းခံရသူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများစွာ ထိခိုက်နစ်နာသဖြင့် လျော်ကြေး သို့မဟုတ် မြေယာများ အမြန်ပြန်ပေးရန်နှင့် ဥပဒေဖြင့်ကာကွယ်ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြောကြား

မြေယာသိမ်းခံရသူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများစွာ ထိခိုက်နစ်နာသဖြင့် လျော်ကြေး သို့မဟုတ် မြေယာများ အမြန်ပြန်ပေးရန်နှင့် ဥပဒေဖြင့်ကာကွယ်ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြောကြား
Published 18 July 2018

ဇူလိုင် ၁၇ ရက် ပြုလုပ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းခံရသူ မိသားစုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့မှာ များစွာထိခိုက် နစ်နာသဖြင့် လျော်ကြေး သို့မဟုတ် မြေယာများ အမြန်ပြန်ပေးရန်နှင့် ဥပဒေဖြင့်ပါ ကာကွယ်ပေးရန် ဇူလိုင် ၁၇ ရက်က ဗိုလ်တတောင်မြို့နယ်ရှိ ပန်သူရိယ အနုပညာ ဆုံမှတ်တွင် ပြုလုပ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လွန်ခဲ့သော ကာလများက တရားမဝင် မြေယာသိမ်းဆည်းမှုများအတွက် မြန်မာအစိုးရအနေဖြင့် နစ်နာကြေး၊ လျော်ကြေးများ ချက်ချင်းပေးသင့်ပြီး နောင်တွင် မြေယာသိမ်းဆည်းခံရမှုများ မဖြစ်ပွားရန် လယ်သမားများနှင့် အခြားအသေးစား မြေပိုင်ရှင်များ၏ ရပိုင်ခွင့်များကို ကာကွယ်သည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းသင့်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း သိမ်းဆည်းထားသည့် မြေယာများကို ပြန်ပေးရန် တိုက်တွန်းကြောင်း၊ မြေယာသိမ်းဆည်း ခံခဲ့ရသည့် လယ်သမားများမှာ အခြေခံဝန်ဆောင်မှုများ ရယူမှု နည်းပါးသွားကြောင်း၊ ၎င်းတို့ မြေယာသိမ်းဆည်းခံရမှုအတွက် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပါကလည်း လယ်သမား အမြောက်အများမှာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုခံရကြောင်း HRW အဖွဲ့က ဆိုသည်။

“မြေသိမ်းတာဟာ လယ်သမားတွေအတွက် ဘေးဒုက္ခကြီးကြီးမားမား ဖြစ်ပေါ်စေပါတယ်။ အခြေခံလူနေမှုနဲ့ တိုင်းတာမယ်ဆိုရင် လယ်စိုက်ခွင့် မရတာဟာ အစားအစာ မလုံလောက်မှု ဖြစ်စေတယ်။ မြေယာဆုံးရှုံးမှုကြောင့် လူငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးပြီး အပြင်ထွက် အလုပ်တွေ လုပ်နေရတယ်။ နောက် သူတို့ဟာ သူတို့ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်မှုမရှိဘဲ လျစ်လျူရှုပြီး နေလာရတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ပေါများလာတယ်။ အရင်က ကိုယ်ပိုင်မြေယာတွေစိုက်လို့ အဆင်ပြေကြတယ်။ မြေယာသိမ်းခံရတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်မပြေ၊ နေ့စဉ်ရရှိတဲ့ ဝင်ငွေဟာလည်း မလုံလောက်မှုတွေ ဖြစ်လာတယ်” ဟု HRW ၏ အာရှရေးရာ ဒုတိယညွန်ကြားရေးမှူး ဖီးလ်ရောဘတ်စင်က ပြောကြားသည်။

စစ်အစိုးရအဖြစ်မှ အရပ်သားတစ်ပိုင်း ဦးဆောင်သော အစိုးရအဖြစ်သို့ ၂၀၁၁ ခုနှစ်တွင် ကူးပြောင်းသည့် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက မြေယာပြဿနာများကို ဖြေရှင်းခဲ့သော်လည်း ယခုအချိန်ထိ လယ်ယာမြေအရေး အရေးဆိုမှုများမှာ မပြေလည်သေးကြောင်း၊ NLD ၏ ကြေညာစာတမ်းတွင်လည်း မြေယာသိမ်းဆည်းခံရမှုများအရေး အဆုံးသတ်ရန်၊ မြေယာနှင့် ပတ်သက်၍ NLD အစိုးရသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဥပဒေများကို ပြုပြင်ပြောင်းလဲကာ ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရှိပြီး လယ်သမားများမှာ မည်သည့်ရလဒ်မျှ မတွေ့ရသေးကြောင်း HRW ကဆိုသည်။

“ဥပဒေပြင်ဆင်ချက်တွေ အများကြီး တွေ့ရပါတယ်။ ပြင်ဆင်မှုမူဝါဒတွေက လယ်သမားတွေအပေါ်မှာ သိပ်ပြောင်းလဲမှုမရှိတာ ကျွန်တော်တို့ ကြားနေရတယ်။ ဒါတွေဟာလည်း မူဝါဒ ဖော်ဆောင်မှုတွေကို စောင့်ကြည့်သူ မရှိလို့လည်း ကြားနေရတယ်။ မှန်ကန်တဲ့ မူဝါဒတွေကို ပြည်ထောင်စု အဆင့်သာမက အောက်ခြေအဆင့်ထိပါ မူဝါဒတွေချပေးနိုင်ရင် ကောင်းတယ်လို့ မြင်မိပါတယ်” ဟု HRW မှ ရစ်ချတ်ဝီးယားက ပြောကြားသည်။

သတင်းစာ ရှင်းလင်းပွဲအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမှ လယ်သမားများနှင့် တွေ့ဆုံခဲ့သည့်အပြင် မြေယာနှင့်ပတ်သက်၍ ကျွမ်းကျင်သူများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent