Delivery Van ယာဉ်ကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှစ်ဦး အပါအဝင် ၁၂ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စတင်ရုံးထုတ်ရမန်ယူ

Delivery Van ယာဉ်ကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှစ်ဦး အပါအဝင် ၁၂ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စတင်ရုံးထုတ်ရမန်ယူ
Published 18 July 2018

အဂတိလိုက်စားမှုဖြင့် တရားစွဲခံရသည့် သူများအား ဇွန် ၁၆ ရက်က ကျောက်တန်းမြို့နယ် တရာရုံးတွင် ရုံးထုတ်လာစဉ်

Delivery Van ယာဉ်ကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှစ်ဦး အပါအဝင် ၁၂ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဇူလိုင် ၁၆ ရက်မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ပြီး ဇူလိုင် ၃၀ ရက်အထိ ရမန်ယူခဲ့ကြောင်း သိရသည်။

“အဲဒီအမှုက မနေ့ကတည်းက ရမန်ယူသွားတာဖြစ်တယ်။ ရမန်ကြီးယူသွားတာပါ။ ဇူလိုင် ၃၀ အထိ ရမန်ယူထားတယ်။ အမှုကို မြို့နယ်က စီရင်လို့ မရတဲ့အတွက် တိုင်းက တိုက်ရိုက်စီရင်မှာ ဖြစ်တဲ့အတွက် တိုင်းကိုလွှဲပေးထားပါတယ်” ဟု ကျောက်တန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Delivery Van မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ မူဝါဒ သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာ ဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၆ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီက ရုံးထုတ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားစာအရ ပထမအကြိမ် တင်သွင်းသော Delivery Van သုံးစီးကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ငွေကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်း၊ ဒုတိယအကြိမ် တင်သွင်းသော Delivery Van နှစ်စီးကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် စစ်ဆေးရေး အရာရှိက ငွေကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက် အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ငွေကျပ်ရှစ်သိန်း၊ စစ်ဆေးရေး အရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ်လေးသိန်း၊ ဒုတိယအကြိမ် တင်သွင်းသော Delivery Van နှစ်စီးကို လေလံပယ်ဖျက် ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက် အကောက်ခွန်မှူးနှင့် ဒုလက်ထောက် အကောက်ခွန်မှူးတို့က ငွေကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးတွေ့ရှိမှုကြောင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက် အကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့ပြင် Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ Delivery Van များ ဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများ၏ ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက်ဝန်ထမ်းများက အဂတိလိုက်စားမှု ဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည် အားပေးကူညီခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ် တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရ အရေးယူပေးပါရန် ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါနယ်မြေရဲစခန်းတွင် ဇူလိုင် ၁၆ ရက်က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်ခဲ့ပြီး ကျောက်တန်းမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent