<

ထိုင်းနိုင်ငံမှ ပြန်အထွက်တွင် အလည်အပတ်ဗီဇာအတု ကိုင်ဆောင်မှုဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိနေပြီး အတုပြုလုပ်သူ ပွဲစားများအား ဖော်ထုတ်မည်ဟုဆို

နှစ်နိုင်ငံခရိုင်အဆင့် (လ၀က) တာဝန်ရှိသူများအား မြ၀တီမြို့တွင် တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်ကြသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှ ပြန်အထွက်တွင် မဲဆောက် – မြ၀တီ ချစ်ကြည်ရေးတံတား၌ ဗီဇာအတု လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရလျက်ရှိရာ ယခုလအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ တာ့ခရိုင် (လ၀က) ရဲမှူးကြီးနှင့် တာဝန်ရှိသူများသည် မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူတို့ ဇူလိုင် ၁၇ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာအတုများဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက မြ၀တီခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးချက်အရ ဗီဇာအတု ပြုလုပ်သူများအား ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ခရိုင်အဆင့် (လ၀က) တာဝန်ရှိသူများ တွေ့ဆုံမှုအား မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက  “အဓိက ဆွေးနွေးကျတာကတော့ ထိုင်းနိုင်ငံထဲကို အလည်ဗီဇာနဲ့ ၀င်ရောက်လည်ပတ်ပြီး ပြန်လည်ထွက်ခွာကြတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ပတ်စ်ပို့နဲ့ဗီဇာကို ထိုင်းဘက်ခြမ်းက တံတားထိပ်မှာ စိစစ်တော့ အတုတွေ ဖြစ်နေတာတွေ့ရပြီး ဖမ်းဆီးအရေးယူ ခံကြရတယ်။ ဒါကိုထိုင်းနိုင်ငံက တည်ဆဲဥပဒေများနဲ့ အညီအရေးယူမှာ ဖြစ်ကြောင်းနဲ့ လက်ရှိဖမ်းဆီးခံထားရသူ မြန်မာတွေ ရာချီပြီး ရှိနေတယ်။ အခုလိုတွေ့ရှိရတဲ့ ပတ်စ်ပို့နဲ့ဗီဇာ အတုတွေဟာ ဘားအံမြို့နယ်မှာ ပြုလုပ်တဲ့ ပတ်စ်ပို့ရုံးက ဖြစ်နေတာတွေ တွေ့ရှိရတယ်။ ဒါဟာ အဲဒီပတ်စ်ပို့ရုံး အနီးမှာ ကျင်လည်ကျက်စားနေကြတဲ့ ပွဲစားတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် အဲဒီလိုအတုလုပ်တဲ့ ပွဲစားတွေကို ယခုလာတဲ့ ထိုင်းကတာဝန်ရှိသူ တာ့ခရိုင်က (လ၀က) ခရိုင်မှူးရဲမှူးကြီး Mr.Rattanaprateep က ဖော်ထုတ်ပေးဖို့နဲ့ ဖော်ထုတ်လို့ ရခဲ့ရင် အခုအဖမ်း ခံထားရတဲ့ မြန်မာတွေ အပြစ်ဒဏ်နည်းဖို့ အထောက်အကူဖြစ်မှာ ဖြစ်ကြောင်း ပြောပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာသို့ သွားရောက်လည်ပတ်ကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဗီဇာပြလုပ်ရာတွင် မိမိကိုယ်တိုင် လုပ်ဆောင်ကြရန်နှင့် ပွဲစားများဖြင့် မပြုလုပ်ကြရန်လည်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံတာ့ခရိုင်မှ (လ၀က) ခရိုင်ရဲမှူးကြီး Mr.Rattanaprateep နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြ၀တီခရိုင်မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထိုင်းမှအပြန် ချစ်ကြည်ရေးတံတားထိပ်၌ ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ ထောင်ဒဏ် တစ်နှစ်ကျော် ကျခံရပြီးဖြစ်သလို မဲဆောက်အချုပ်ထဲမှ ဆက်လက် တရားရင်ဆိုင် နေသူရသူများလည်း ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း လည်ပတ်နေသူများမှာ မိမိဗီဇာ အစစ်လား၊ အတုလား ဆိုသည်ကို မသိရှိဘဲ စိုးရိမ်သောက ရောက်နေရသူလည်း ရှိကြောင်း သိရသည်။

July 17, 2018














Copy Protected by Chetan's WP-Copyprotect.