<

NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော် ထပ်မံတိုက်တွန်း

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့တွင် ညီလာခံ၏သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ- မင်းနိုင်စိုး)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA ) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်က ထပ်မံတိုက်တွန်းသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုညီလာခံ၏ သဘာပတိအဖွဲ့ဝင် လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ထိုသို့ထပ်မံတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုမရှိ၍ လက်မှတ်ထိုး ရန် မလိုဟု ပြောဆိုနေမှုများ ယခင်သဘောတူညီချက်များ ရှိပြီးဖြစ်၍ NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ပြောဆိုနေမှုများသည် လက်ရှိလျှောက်လှမ်းနေသည့် ဒီမိုကရေစီကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုးရမည်ဟု ဇူလိုင် ၁၁ ရက်တွင် ပြုလုပ်ခဲ့သော ယခုညီလာခံ အဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီးနောက် ယခုကဲ့သို့ တပ်မတော်က ထပ်မံတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“တိုင်းပြည်ရဲ့အင်အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ်ချစ်ရင် နိုင်ငံရဲ့ တိုးတက်မှု လမ်းကြောင်းမှာ အဟန့်အတားဖြစ်စေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အချိန်မဆိုင်းဘဲ ပယ်ရှားပစ်ဖို့ စိတ်ရင်းစေတနာမှန်နဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း တိုက်တွန်းလိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု သမိုင်းတွင် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်သော ဆောင်ရွက်ချက်များ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် အစုအဖွဲ့အားလုံး၏ ကြိုပမ်းဆောင်ရွက်မှုများမှ ရရှိလာသည့် ရလဒ်ကောင်းများကို အနာဂတ်နိုင်ငံတော်အတွက် အနာဂတ်မျိုး ဆက်များအတွက် လေးလေးနက်နက်ခံယူကာ စိတ်ရင်းစေတနာမှန်ဖြင့် အောင်မြင်ပြီး မြောက်အောင် စုပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်ကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းဉ်များ ပြီးပြတ်စေရေး ဆက်လက်ဆောင်ရွက်သွားကြရန် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ဆင်လက်တိုက်တွန်းခဲ့သည်။

“ဆက်လက်ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများမှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ ကြိုပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောကြားသည်။

ယခု ပြည်ထောင်စုငြိမ်းချမ်းရေညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပနိုင်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် နောင်မျိုးဆက်လူငယ်များအတွက် ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းနိုင်ရေး ကောင်းမွန်သော အရွေ့တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍငါးခုမှ မူဝါဒ ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၁) အ ဖြစ် သဘောတူချုပ်ဆိုနိုင်ခဲ့ပြီး ယခုအစည်းအဝေးတွင် မူဝါဒ ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အ ဖြစ် သဘောတူ ချုပ်ဆိုနိုင်ခဲ့သည်။

July 17, 2018














Copy Protected by Chetan's WP-Copyprotect.