<

ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် အလှပ်ကျေးရွာကမ်းခြေရှိ လူနေအိမ် ၁၃ လုံး ပြိုကျပျက်စီးခဲ့

အလှပ်ကျေးရွာကမ်းခြေရှိ နေအိမ်များကို တွေ့ရစဉ်

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာကမ်းခြေ၌ ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်များက ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ရေလုပ်သားမိသားစုများ နေထိုင်သော နေအိမ် ၁၃ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

“ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီလောက်မှာ ဒီရေလှိုင်းတွေ တက်လာပြီး လှိုင်းရိုက်လို့ အိမ်တွေပြိုသွားတယ်။ ယောက်ျားဖြစ်သူက လှေမ၀င်လာသေးတော့ အခက်အခဲတွေ ဖြစ်နေတာပေါ့။ အိမ်ကိုဆွဲလို့လည်းမရ၊ ဆန်တွေလည်း ရေစို၊ ဒီရေတက်လာချိန်မှာ ကလေးတွေတောင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိဘူး။ စားဖို့ရော နေဖို့ပါ အခက်အခဲတော့ဖြစ်တယ်။ အခုသူများ အိမ်မှာတောင်နေ နေရတယ်” ဟု ကျိုက်ထိုမြို့နယ်မှ ရေလုပ်ငန်း လာရောက်လုပ်ကိုင်နေသော ဒေါ်မာဦးက ပြောကြားသည်။

“ဒီရေက အရမ်းကြမ်းပြီး လှိုင်းလုံးက အိမ်ကိုရိုက်တော့ အိမ်က ပစ္စည်းများတစ်ခုမှ ကောက်လို့မမီတော့ဘဲ အိမ်လည်းပြိုကျသွားတယ်။ အခု အိမ်လည်းပြိုသွားပြီး ဘာပစ္စည်းမှလည်း မရလိုက်တော့ အခက်အခဲတွေ ရှိတာပေါ့” ဟု အလှပ်ကျေးရွာကမ်းခြေတွင် လာရောက်ရွှေ့ပြောင်းနေထိုင်နေသော ဒေါ်ဝင်းရီက ပြောကြားသည်။

“ဒီရေတိုက်စားမှုကတော့ နှစ်တိုင်းပါပဲ။ ကမ်းခြေမှလာနေကြတဲ့သူတွေက ဒီကမဟုတ်တော့ ကျူးကျော်သဘောမျိုးပေါ့။ ပိုက်ဆံလည်းမရှိဘူး။ ဒီမှာ မနေပါနဲ့ ပြောလည်း သူတို့က ပိုက်ဆံမှ မရှိတာ။ နေစရာမရှိတော့ ကပ်နေတော့ တစ်နှစ်ကိုတော့ အမြဲတမ်း အိမ်ငါးလုံး ခြောက်လုံးလောက် ပြိုနေကြ။ မနှစ်က ၀န်ကြီးချုပ်လာပြီးကတည်းက သူတို့ပြောထားတယ်။ ဒီနေရာမှ မနေပါနဲ့တော့။ သူတို့ကို အစိုးရက နှစ်နှစ်ရှိပြီး ပံ့ပိုးခဲ့တာ” ဟု အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောကြားသည်။

အလှပ်ကျေးရွာကမ်းခြေမှ ကျူးကျော်နေအိမ်များအား ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ကျေးရွာတွင်းရှိ မြေကွက်များကို မြေကွက်တစ်ကွက်လျှင် ကျပ်ငါးသောင်းမှ ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် အကွက်ချရောင်းချပေးရန် ဒေသခံရွာသားများနှင့် ညှိနှိုင်းထားမှုများရှိသော်လည်း ပြေလည်မှု မရှိခဲ့ကြောင်း၊ အလှပ်ကမ်းခြေတွင် ထူးကဲဒီရေမြင့်တက်မှု သုံးနှစ်ဆက်တိုက်ကြုံလာပြီးဖြစ်၍ ယင်းကမ်းခြေ၌ နေထိုင်မှုသည် အန္တရာယ်ရှိကြောင်း ဦးသိန်းတင်က ဆက်လက်ပြောကြားသည်။

အလှပ်ကျေးရွာကမ်းခြေတွင် နေအိမ် များ ထပ်မံဆောက်လုပ်၍ နေထိုင်မည်ဆို ပါက ကျန်ရှိနေသေးသော မိုးရာသီတွင် ဒီရေ အတက်ကြောင့် နေအိမ်များ ထပ်မံပြိုကျနိုင် ကြောင်းလည်း အလှပ်ကျေးရွာဒေသခံများ ၏ ပြောကြားချက်များအရ သိရသည်။

အလှပ်ကျေးရွာကမ်းခြေတွင် နေထိုင်သူအများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်းနှင့် အလှပ်ကမ်းခြေတွင် ရွှေ့ပြောင်းရေလုပ်သားများ၏ ကျူးကျော်အိမ်ခြေ ၂၀၀ ခန့်ရှိကြောင်း သိရသည်။

 

July 16, 2018














Copy Protected by Chetan's WP-Copyprotect.